အချစ်ရေ
ဘဝခါးခါးတွေကို သောက်သုံးမိတဲ့အခါ
ရင်ဘတ်တွေက ငရုပ်ကောင်းလို ဖြစ်ရတယ်
ပူလဲပူတယ် စပ်လဲစပ်တယ် ....
အိပ်မက်တွေ အခြောက်တိုက်နေပူနေမှာစိုးလို့
ငါ့ကို ထီးတလက်လောက် ပေးစမ်းပါ
မင်းရင်ခွင်ရိပ်တွေ ထိုးကျမလာခင်
လောကကို ငါ
ခပ်ပါးပါးလေး ဖုံးအုပ်ပေးထားချင်လို့ ....
ရိုးရိုးသားသား လွမ်းလို့ ရပါလျှက်နဲ့
ငါကလဲ ရေခဲစိမ်ခံစားမှုကိုမှ နှစ်သက်မိရတယ်လို့
ဆိုးလိုက်တဲ့ ဘဝ .....
ကဲ အချစ်ရေ
မသေချာခြင်းတွေကို သေချာအောင်လုပ်ဖို့လောက်အထိ
ငါတို့ မရူးကြသေးမဲ့အတူတူ
ကောင်းကင်းတွေအကြောင်း ကျေးငှက်တွေကို ပြောပြမနေပါတော့နဲ့
စမ်းချောင်းတွေရဲ့ စီးဆင်းရတဲ့ဒုက္ခကို
မြစ်တွေမှ မသိပဲလေ
ပင်လယ်လဲ မငိုလောက်ပါဘူး ..
ရိုးရိုးလေးတွေးရင်းနဲ့
အလွမ်းတွေအကြောင်း စာရေးဖြစ်တဲ့အခါ
ငါ့ဂစ်တာက သီချင်းဆိုတယ် ....
လမ်းဆုံးရောက်တဲ့အခါ
မင်းလှည့်ကြည့်လို့မှ ငါ့ကိုမတွေ့တော့ရင်
အဲဒီသီချင်းသံတွေ အလိုလိုသေဆုံးသွားကြလိမ့်မယ်
မငိုကြွေးပဲ ဆက်လျှောက်သွားလိုက်ပါ
ရှေ့မှာ
မင်းအတွက် လောကနိဗ္ဗာန်ရှိတယ်
ပျော် .. ပါ .. စေ.. အချစ်ရယ်...။
No comments:
Post a Comment