ကောင်မလေးရေ ဒီတခါတော့
အဲဒီကောင်းကင်တွေကို
ငါ့ရင်ဘတ်နဲ့ အုံ့မှိုင်းပစ်လိုက်တာ
မိုးတွေအစား မျက်ရည်တွေပဲ ရွာရွာချတယ်
သံသရာတွေ ကောက်ကွေ့နေကြပါလျှက်နဲ့
ငါ့လမ်းထဲမှာ
ဘာကြောင့် ဘဝတွေ ဖြောင့်ဖြောင့်တန်းတန်း လွဲနေကြတာလဲ
မင်းကို လွမ်းရတာတေင် သံစဉ်တွေ မှား လို့ .....။
သမရိုးကျမဟုတ်တဲ့ အသားကျမှုတွေထဲမှာ
ဘဝက ရေနဲငါးလိုပဲ
အရမ်းအကျည်းမတန်ပေမဲ့
စုံမက်ချင်စရာကောင်းလောက်အောင်လဲ မလှပခဲ့လေတော့
အချစ်ဆိုတာ
ငါနဲ့မတည့်တဲ့အရပ်မှာပွင့်တဲ့ ပန်းတပွင့်ဖြစ်ရတယ်
နမ်းရှိုက်ခွင့်ကိုတောင်
အတိတ်ကံက မသင့်မြတ်ခိုင်းဘူးလေ ...။
ဖြစ်ညှစ်ပီး ကြိုးစားကြည့်တာတောင်
ဆန္ဒနဲ့ မျက်နှာသစ်ကြဖို့
အဲဒီမနက်ခင်းနှစ်ခုက အချင်းချင်း လွဲလို့ကောင်းနေကြတုန်း ...။
" ရဲရင် မင်း ဖြစ်တယ်တဲ့ "
တကယ်တမ်း သွေးစိမ်းရှင်ရှင်ထွက်ခဲ့ကြရတာ
စစ်သူကြီးတွေပါဆိုတာ လက်ခံရင်
စကားပုံတွေကိုသာ ပြောင်းပြန်လှန်လိုက်ကြပါတော့
ဟိုး ............. ရှေ့ကကွင်းပြင်ထဲမှာ
ရိုးရိုးသားသား ရွက်လွှင့်နေတဲ့ စပါးပင်လေးတွေက
သင်္ခါရတရားကို သင်ပြပေးပါလိမ့်မယ် ...။
ကောင်မလေးရေ
ရည်မှန်းချက်တွေ ထုပ်ပိုးထားရတဲ့ မင်းရင်ဘတ်
ခဏလောက်ဖြစ်ဖြစ် အိပ်တန်းတက်လိုက်ပါ
အာရုံဦးတွေ မချိုမြနိုင်သေးခင်အထိ
ငါတို့သက်ပျင်းတွေကို တူးခါးပစ်လိုက်ကြပါစို့ကွယ် ...။