Thursday 26 December 2013

" ဝေးကွာခြင်းရဲ့အဝေး "




အလွမ်းရောင်ကြားထဲမှာ
နီယွန်မီးတွေ ပြပြလင်းတယ်
မကြားချင်လောက်အောင် နားငြီးတာက
သတိရခြင်းအသံတွေ  တဲ့ ...

အလုပ်တွေကြားထဲမှာ မေ့တယ်
အိပ်မက်ထဲအထိ မုန်းပစ်လိုက်တယ်
ဒါပေမဲ့
အသက်ရှူသံတိုင်းမှာ ကပ်ငြိနေတာက
မင်းအရိပ်တွေဖြစ်နေတာ 
စိတ်ကုန်ချင်စရာပဲ ...

နမ်းခဲ့ဖူးတဲ့ နှုတ်ခမ်းတစ်စုံ 
မှေးစက်ခဲ့ဖူးတဲ့ ရင်ခွင်
တစ်ခါတစ်ခါ
ငါ့ရင်ကို သေလောက်အောက် နှိပ်စက်လွန်းတယ်ကွယ် ...

သံယောဇဉ်တွေ ဖြတ်ခဲ့ကြပေမဲ့
လက်ကျန်ရင်းနှီးမှုတွေက
တစ်ယောက်တစ်လမ်းဆီ လျှောက်နေကြတာတောင်
တဖဝါးမကွာ လိုက်နေကြတုန်း ...

" မောင် .. ဘာလုပ်နေလဲ .. အဆင်ပြေလား " တဲ့ 
" အိပ်တော့နော် .. ကျန်းမာရေးလဲ ဂရုစိုက် " ဆိုတော့  
" ဖက်ထားပါလား " တဲ့ 
" အိုကေပါကွာ " လို့ပြောပြီး အဆုံးမှာတော့
" တူ ... တူ ... တူ ... " အသံနဲ့အတူ
ဝေးကွာခြင်းတွေထဲမှာပဲ 
ဒီတစ်ည ထပ်ဝေးလိုက်ကြတယ် ....။



Wednesday 25 December 2013

" ညဥ့်နက်သီချင်း "

အထီးကျန်ခြင်းတွေ အန်အန်ချနေတဲ့ အဲဒီညနေခင်း
ငါ့အခန်းထဲကကို မထွက်နိုင်သေးဘူး
သွားစေချင်ပြီ  .. မမြင်ချင်တော့ဘူး
အသဲကွဲတယ်ဆိုတာ ငါနဲ့ ဖူးစာပါပီးသား နတ်သမီးထင်ပါ့
ဘဝတဆစ်ချိုးတိုင်း .. ကိုယ်ထင်ပြတယ် ...။

 
မင်းအတွက်တော့ ကလူကျီစယ်ခြင်းဆိုပေမဲ့
ငါ့အတွက်က ရင်တခြမ်းလုံးပုတ်သိုးစေတဲ့ အဆိပ်မြားပါ
အချစ်ဆိုတာ
လိမ်ညာပြီးကစားကြတဲ့ ဘောလုံးပွဲမှမဟုတ်ပဲ
ရင်ဘတ်တွေချခင်းပြီး ခံစားချက်တွေ ကိုယ်စီဖူးပွင့်ကြရတာ
ကစားပွဲတခုထက် ပိုရင်းနှီးရတယ် ...။
 

မင်းနဲ့ဝေးရရင် ငါ သေနိုင်တယ်လို့ မဆိုလိုပါဘူး
ဒါပေမဲ့
မင်းကိုပေးလိုက်တဲ့ ခံစားချက်စစ်စစ်တွေက နောက်ထပ်အတုမရှိနိုင်တော့လို့
သေမယ်ဆို သေလို့ရတယ် ...။
 

မင်းရဲ့ချစ်ခြင်းနဲ့ ငါ့ကမ္ဘာကိုလင်းစေခဲ့တာ
အခုတော့ လတွေမိုက်ကုန်ကြပြီ
အိပ်မက်ထဲမှာ အိပ်မက်ကို ပြန်ရှာရင်း ညက နက်သထက်နက်နက် လာနေတယ်
ရှိစေတော့
တစ်ကြိုးထဲတီးလို့ သံစဉ်မဆုံနိုင်ဘူးဆိုပေမဲ့
ငါ့လွမ်းခြင်းနဲ့ ငါ့ကိုယ်ငါ ချော့သိပ်တော့မယ်
မင်းလဲ အိပ်ပျော်ပါစေ ...။ 







Tuesday 24 December 2013

" အိမွန်အတွက် (၃) "




အသဲကွဲကဗျာတွေ ငါမရေးတော့ဘူး
တမ်းတခြင်းသီချင်းတွေလဲ မညည်းတော့ဘူး
ငါ့ရင်ထဲမှာပဲ
မင်းကို ထာဝရမြှုပ်နှံသဂြိုလ်လိုက်တော့မယ်
သိပ်လွမ်းလွန်းလာတဲ့အခါ
ဘယ်သူမှ မမြင်အောင် ထုတ်ထုတ်ကြည့်ရင်း
ဒို့တွေ ဖြည်းဖြည်းလေး ဝေးကြရအောင် ...။


Friday 6 December 2013

အပျင်းပြေ


အစပိုင်းမှာပေါ့
မင်းလိုအပ်တဲ့အချိန် ကပြဖို့
ငါ့ဘဝကို အရုပ်ဖြစ်စေခဲ့တယ်
အဲဒါကိုပဲ မင်းကိုချစ်တဲ့ အချစ်လို့ ငါထင်ထားခဲ့တယ်
တကယ်တမ်းစဉ်းစားကြည့်ပြန်တော့
အဲဒါ အချစ်မဟုတ်သေးဘူး
မင်းလဲ ငါ့ကို ချစ်တယ် လို့ ပြောပေမဲ့
တကယ်ချစ်တာမဟုတ်သေးပါဘူး
မင်းအတွက် အပျင်းပြေ ပါ

တဖြည်းဖြည်းနဲ့ မင်းကို ငါ တကယ်ချစ်လာတဲ့အချိန်
အချစ်ဆိုတာ ကို ငါ နားလည်လာတယ်
အချစ်ဆိုတာ တကယ်တော့ "ရလိုမှု"
ဟုတ်တယ် အချစ်ဆိုတာ လိုချင်မှု သက်သက်ပါပဲ
သူနဲ့ပတ်သက်လာရင် အရာရာလိုချင်တယ်
သူ့ရဲ့ ဂရုစိုက်မှု ၊ အလေးထားမှု၊ စသည်စသည်ဖြင့် အရာအရာတိုင်းက ကိုယ်ပဲဖြစ်ချင်လာတယ်
အဲဒါအချစ်ပဲ

 
အဲဒီတော့
စတွေ့တုန်းခါစ အစပိုင်းတုန်းကလိုပဲ
မင်းအပေါ်မှာအဆင်ပြေသလောက် ဖြည့်စည်းပေးခြင်းမျိုးနဲ့ နေတတ်ဖို့ကို ငါ ဦးတည်ရတော့မယ်
အဲဒါမှ မင်းရဲ့အပျင်းပြေအဆင့်နဲ့ ညီလိမ့်မယ်
ဒါမှသာ ငါရော မင်းရော အဆင်ပြေကြမယ်ထင်တယ်

အိုကေ အချစ်ရေ
ငါတို့ရဲ့ အစဦးပိုင်းကိုပဲ ပြန်သွားကြပါစို့ ..။





သူမနှင့်ကျွန်တော်

နှင်းရည်လွှမ်းသော မနက်ဖြန်ထဲတွင် ကျွန်တော့ဝိညာဉ်တို့ ရိုးရိုးသားသားလူးလွန့်နေပါလိမ့်အုံးမည်။
 မသိနားမလည်ခြင်းတွေ ထုံမွှန်းသော ကျွန်တော့အတိတ်သည် ဒီမနက်ပစ္စုပ္ပန်ထဲအထိ ထုံအလို့ကောင်းနေဆဲဖြစ်ပါသည်။ ကျွန်တော့ကိုယ်ကျွန်တော်မသိပါ။ သင်တို့လဲကျွန်တော့ကိုသိလိမ့်မည် မဟုတ်ပါ။အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် တကယ်မရှိသောကြောင့် ဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို မသိသော ကျွန်တော်သည်အိပ်မက်တွေ မက်ခဲ့ဖူးပါသည်။
ထိုအပ်မက်ထဲတွင် သူမပါသည်။ သူမရဲ့ အနမ်းချိုချိုတို့ပါသည်။ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အတွေးတို့လဲ ပါပါသည်။ အရောင်အသွေးမတူသော မြစ်တစ်စင်းထဲတွင် သူမနဲ့ ကျွန်တော်ကူးခတ်ပျော်ပါးခဲ့ကြပါသည်။ သူမကျွန်တော့ကို မမြင်ပါ။ သူမကိုလဲ မြင်သလိုလိုနဲ့ ကျွန်တော်မမြင်ခဲ့ပါ။ ထို့ကြောင့် တဖက်ကမ်းသို့ သူမကူးခတ်သွားခဲ့ပါသည်။

ကျွန်တော့်အတွေးတို့၌ အချိန်တိုင်းစိုးမိုးခဲ့ဖူးသော သူမသည် မနေ့က သေဆုံးသွားခဲ့ပါပြီ။ သူမရဲ့ဈာပနပွဲတွင် အသဲပန်းတို့ ဖွေးဖွေးဖြူ၏။ ကြယ်ကပွဲတွေ ပြိုင်တူသီဆို တီးမှုတ်ကြ၏။ လိပ်ပြာတမ်းချင်းတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြ၏။ ကျွန်တော် လိုက်မပို့ဖြစ်ပါ။ သို့သော် ကျွန်တော်ရပ်ကြည့်နေခဲ့ပါသည်။ ကျွန်တော်မရှိသောဘဝထဲတွင် သူမ နှစ်ခြိုက်စွာအိပ်မောကျနေတတ်ပါပြီ။ သူမအတွက် ကျွန်တော်မလိုအပ်ပါ။ ထို့အတူ သူမ မပါသောအိပ်မက်တွေလဲ ကျွန်တော် မက်တတ်ပါပြီ။ ကျွန်တော့်ရှေ့တွင် မြစ်တွေ တသွင်သွင်စီးဆင်းနေကြသည်။ ပင်လယ်တွေ လှိုင်းချက်ညီလာကြသည်။  သူမပေးခဲ့ဖူးသော ရင်ခုန်သံတို့ တဖြည်းဖြည်း ခြောက်သွေ့ညှိုးနွမ်းလာကြပါမည်။ ကျွန်တော် ရေမလောင်းပေါင်းမသင်တော့ပါ။ ကျွန်တော့်ကိုကျွန်တော်သိဖို့ ကျွန်တော်ရှိရာအရပ်သို့ သွားပါတော့မည်။ ကျွန်တော်အိပ်မက်မမက်တော့ပါ။


နှင်းရည်လွှမ်းသော မနက်ဖြန်ထဲတွင်
ကျွန်တော့ဝိညာဉ်တို့ ရိုးရိုးသားသားလူးလွန့်နေပါလိမ့်အုံးမည်။






သစ်ရွက်လင်း





အိမွန်အတွက် ၂

  ဝေးကြပီဆိုတဲ့အတွေး တွေးမိရင်

ရင်ဘတ်တွေ ဆောက်တည်ရာမဲ့ချင်လာတယ်

အင်းလေ

အိပ်ရေးပျက်ချင်လို့မဟုတ်ပါပဲနဲ့တောင်

မအိပ်ဖြစ်တဲ့ညတွေ ရှိခဲ့ဖူးတာပဲ


ကောင်မလေးရေ

မတွေ့ဖြစ်ကြပေမဲ့

အိပ်ယာဝင်တိုင်းမင်းအကြောင်းတွေ တွေးမိသလို

မနက်အိပ်ယာနိုးတိုင်း အရင်ဆုံးသတိရမိတဲ့သူက

မင်းဖြစ်နေတုန်းပါပဲ

ငါ့ရဲ့ပတ်သက်မှုတွေက မင်းအတွက်အနှောင့်အယှက်တခုလို့

တွေးလာပီဆိုမှတော့

ငါ ဝေးဝေးနေပေးယုံပဲရှိတာပေါ့လေ

ဝေးကွာသွားကြခြင်းကပဲ ဒို့အတွက်အကောင်းဆုံးဖြစ်မယ်ထင်တယ်

 မင်းကိုစိတ်မညစ်စေချင်တော့ပါဘူး

ငါ့ရဲ့ရင်ခွင်ဟာ မင်းအတွက်ဇရပ်တခုလို့သတ်မှတ်သေးရင်

ဘဝအမောတွေနဲ့နွမ်းလျတဲ့အခါ ခိုးနားအပန်းဖြေလှည့်ပါ

ခရီးကြမ်းတွေနဲ့ပင်ပန်းစိတ်ညစ်ရတဲ့အခါ

အရိပ်ခိုအနားယူလှည့်ပါ

ငါ့အတွက်အချစ်ဆိုတာ မင်းလိုသလောက်သာ ဖြည့်စည်းပေးခွင့်လို့ပဲ

မှတ်ယူလိုက်ပါတော့မယ်

မင်းရဲ့အချိန်တွေ သာယာပါစေ

မင်းရဲ့မျှော်လင့်ချက်အိပ်မက်တွေ အရောင်တောက်ပါစေ

Good Luck       ပါ ကလေးရယ် ... ။




တယောက်သောသူအတွက်ကဗျာ




မိုးပြာရောင်တွေ အိပ်တန်းတက်ကြချိန်တောင်
ညတွေက
တိတ်တိတ်ဆိတ်ဆိတ် ညံတုန်း
ရင်ထဲမှာ ဗလောင်ဆူအောင်လွမ်းတာက နင်
လမ်းမပေါ်ထွက်ကြည့်တော့
မြီးကောင်ပေါက်တွေရဲ့ ကျောင်းဝတ်စုံတွေပဲ 
ဒေါင်လိုက်အဖြစ် တွေ့ရတယ် 


ငါ့ညကို ငါ တူးဖော်ကြည့်တော့ 
အရိုးပြိုင်းပြိုင်းအထီးကျန်ခြင်းတွေပဲ
ဆွေးဆွေးမြည့်မြည့် တွေ့နေရတာ
ဝီစကီတစ်ပက်လောက် 
ရင်ခုန်ချင်စရာမကောင်းတော့ဘူး
သတိရခြင်းတခွက်လောက်နဲ့ မူးချင်နေတဲ့ ငါ
ရှေ့က ရင်နင့်စရာတွေ တစားပွဲလုံးသာ သောက်သုံးရရင်တော့
ကြေကွဲစရာပဲ 
သီချင်းတပုဒ်တော့ ကြားဖူးတယ်
" ခြောက်ခြားည" တဲ့ ....။ 


ခပ်ဝေးဝေးနေနေရသူတွေရဲ့
ရင်ခုန်သံချင်း ပွေ့ဖက်ရောထွေးတဲ့အချိန်
သိပ်ပျော်စရာကောင်းမှာပဲ
မိုးကုတ်စက်ဝိုင်းရဲ့ အနမ်းတစက်နဲ့
အရာရာလှပနေလိမ့်မယ်


စကားမစပ် မိန်းကလေးရေ
ရှေ့လှည့်ကြည့်လို့ နောက်ပြန်မြင်နေရတဲ့ခံစားချက်မျိုး
မင်းရင်ထဲမှာ ခပ်ပါးပါးရှိနေပြီဆိုရင်တောင်
အဲဒါကို သတိရလွမ်းဆွတ်ခြင်းလို့ ခေါ်တယ်
မဆုံဆည်းရတာ အပြစ်မဟုတ်ပေမဲ့
ချစ်ခွင့်တွေ ကံကုန်ပြီဆိုရင်တော့
ဘဝက ခါးတာပဲ ...။

                                 
                                                              သစ်ရွက်လင်း

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။