တခါတခါ နေ့ခင်းကြောင်တောင်
ကျွန်တော်တို့ အိပ်မက်တွေမက်ကြရသည်
တခါတခါ ညမှောင်မှောင်မှာလဲ
တလောကလုံး လင်းကြရပါသည်။
စိတ်ဆိုတာ ပြတင်းတချပ်တဲ့
သေချာဖွင့်ကြည့်ပြန်တော့လဲ
ပြေးလွှားနေတဲ့အရိပ်တွေကလွဲရင်
ကျနော်ဘာမှမတွေ့ရပါ။
ကျနော်သည် အခြားသူများရဲ့
မြင်ကွင်းတခုမျှသာဖြစ်ပါသည်။
အိပ်မက်တွေကျဲဖြန့်ထားတဲ့ အနာဂတ်တခု
ခံစာမှုတွေထုပ်ပိုးထားတဲ့ ရင်တစ်စုံ
ကိုယ့်အယူအဆနဲ့ကိုယ် နေတတ်ရမယ်ဆိုတဲ့
အတွေးအခေါ်ခပ်သေးသေးလေးကလွဲရင်
ကျနော့်တွင် ဘာမှမပိုင်ဆိုင်ပါ။
မသိသေးတာတွေသိဖို့
လူတွေကြားထဲမှာ လူတွေလိုမနေတတ်ဖို့
ကျွန်တော် တော်တော်ကြိုးစားရပါအုံးမည်။
ခင်ဗျားတို့စကားတွေကို နားလည်တတ်ဖို့
ကိုယ့်ကိုယ်ကိုမမြင်နိုင်တဲ့နေရာအထိ ရောက်အောင်သွားဖို့
အရူးတယောက်ရဲ့ တွေးခေါ်မှုမျိုးတွေကိုရဖို့
ကျနော် တော်တော်ကြီးကို လုပ်ယူရပါအုံးမည်။
No comments:
Post a Comment