Thursday 11 June 2015

*** ဘဝကဗျာ ***



တကယ်တမ်း
ဘဝဆိုတာ အပြီးမသတ်နိုင်သေးတဲ့ ကဗျာဆိုပါစို့
သံသရာမှာ ဆက်ဖတ်ကြဖို့
ငါတို့တွေ ကဗျာတပုဒ်လုံး ကြိုးစားနေရတာ
ဆံဖြူသွားကျိုးပြီးတဲ့ နောက်ဆုံးအချိန်အထိပေါ့
သံယောဇဉ်တွေ မွေးဖွားကြ
ခံစားချက်တွေ လတ်ဆတ်လိုက် ပုတ်သိုးလိုက်ကြ နဲ့
ငါ့ တတောလုံး ညိုမှိုင်းအုံ့ဆိုင်းလို့
ငါက
နင် မမြင်နိုင်တဲ့ အရပ်မှာ မီးလောင်ပြာကျရသူပါ ....


ခွန်အားဆိုတာ
ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း သောက်သုံးကြရတဲ့ ညနေရာင်တခွက်
ပျော်ရွှင်မှုဆိုတာ
ရောင်းအားကျလာတဲ့ မနက်စောစော လေညှင်းတစ်ထုပ် ပေါ့..
ဘာပဲပြောပြောလေ
သံသရာတစ်အုပ်လုံးပေါ်မှာ ငါ့ကဗျာတစ်ပုဒ်လုံး လှလှပပပြီးဆုံးနေဖို့
ငါ့ကောင်းကင်နဲ့ငါပဲ ဆက်ပြီးလင်းလိုက်အုံးမယ်
စိတ်ဓာတ်ကျဖို့တော့ ယောက်လို့တောင် မတွေးမိသေးဘူး ... ။



.....

Monday 23 March 2015

****** Lin Waa (သို့ ) လင်းဝါ ******


လင်းဝါ
ထူးထူးခြားခြား နာမည်လေးနဲ့
စကားလုံးတွေကြား လမ်းလျှောက်ရင်း
ရင်းနှီးခဲ့သူ

လင်းဝါ
အိပ်မက်တွေ ထပ်တူမကျပေမဲ့
ခံယူချက်တွေ ချခင်းပြီး လျှောက်တဲ့လမ်းမှာ
ကိုယ့်နေရာကိုယ်နေရင်းနဲ့
သဘောထားတူသူ

လင်းဝါ
တယောက်ခံစားချက်ကို တယောက်ကနားထောင်ရင်း
ရန်တွေ့လိုက် ဆုံးမလိုက်နဲ့
ငယ်ငယ်ကမတွေ့လိုက်ရတဲ့
ငယ်ပေါင်းတယောက်လို
ဖြူဖြူစင်စင် ချစ်စရာကောင်းသူ

သူပေါ့
ကျနာ့ကို ခင်မင်ရင်းနဲ့ သူ့ကိုယ်သူလဲ ခင်တတ်သူ

သူပေါ့
ကလေးဆန်ဆန် လူကြီးစကားပြောရင်း
ကျနော်နဲ့ အမြင်ချင်းဖလှယ်နေတတ်သူ

သူပေါ့
ဟာသတွေကြားမှာပဲ
ဝေဒနာတွေ ချရေးတတ်သူ

သူပေါ့
မိန်းမဆန်ဆန် မာနတွေဆုပ်ကိုင်ရင်း
ယေင်္ကျားတယောက်ရဲ့စိတ်နဲ့  ပြုံးတတ်သူ

သူပေါ့
သူငယ်ချင်းဆိုတဲ့ အရသာကို
ကျနော့အတွက် ဖန်တီးပေးတတ်သူ

သူပေါ့
ကျနော် ဘီယာသောက်ရင်တောင်
ဘေးနားက စကားပြောရင်းထိုင်ပေးတတ်သူ

လင်းဝါရေ
ရှေးလူကြီးတွေပြောတဲ့ မိတ်ဆွေကောင်းဟာ
ရတနာတစ်ပါးဆိုရင်
နင်ဟာ ငါ့ရဲ့ ရတနာလေးပေါ့
ပြောနေကျအတိုင်း ပြောပါရစေ
နင်ပျော်စေ  ရွှင်စေ
လိုအင်ပြည့်စေပေါ့ကွယ် .....။



Thursday 19 March 2015

***** ဝေးကွာနေသော ရင်းနှီးဖူးသူ ******


........................................................

ကဗျာရေ
အရင်လို ရင်းနှီးပွေ့ဖက်ခွင့်တွေ ဝေးတဲ့အခါ
နင့်ကို တမ်းတမ်းတတလွမ်းတယ်
ငါ့ရင်ထဲက ခံစားချက်တွေ ပုံဖော်သီကုံးဖို့ ဆာလောင်မိတိုင်း
နင့်ကို ငါ ငတ်မွတ်တယ် ကဗျာ .....
.......................................................
ငါ့အတွေးအာရုံထဲကနေ
နင် ပျောက်ကွယ်နေခဲ့တာ ရာသီတပါတ်လည်တော့မယ်နော်
ဘဝထဲက ဘဝတွေကိုရှာရင်း
ရာသီကြို ပန်းပွင့်တို့အတွက် နေပူဆာရှာရင်း
နှစ်သစ်ကို ကျောခိုင်းခဲ့တဲ့
ဟိုအရင် နှစ်ဟောင်းတွေရဲ့ အတိတ်ကို တူးဆွအဖြေရှာရင်း
ငါမသိလိုက်ရတဲ့ ငါ့အကြောင်းတွေကို
ပြန်လှန် ဖတ်ရှုရင်း
ငါလဲ နင်နဲ့ ဝေးနေခဲ့ရတယ် ကဗျာ
..........................................................
ကဗျာရေ
မနက်ဖြန်တွေ အသက်ဝင်တောက်ပဖို့
လွတ်လပ်ခြင်းတို့ အရောင်စုံလှပဖို့
လောကကြီး ရေရှည်တည်တံ့ဖို့
ငါ ပျော်ပျော်ရွှင်ရွှင် အသက်ဆက်ရှင်ဖို့
ငါ့အနားမှာ နင်ရှိနေပေးပါ ကဗျာ ...။

ရောက်တတ်ရာရာ (၅)

ငါက စိတ်မညစ်တတ်တာ မဟုတ်ပါဘူး
စိတ်ညစ်စရာတွေဆိုရင် မတွေးတတ်တော့အောင် လေ့ကျင့်နေတာ
ငါက မလွမ်းတတ်တာမဟုတ်ပါဘူး
လွမ်းချင်သလိုလို ဖြစ်လာရင်
ဟာသကားကြည့်တယ် လူများများနေရာတွေသွားပြီး
ဟေးလားဟားလား နေပစ်လိုက်တာပါ
ငါက မချစ်တတ်တာ မဟုတ်ပါဘူး
ငါ့ကို ချစ်ကြသူတွေ ငါက ချစ်ရသူတွေကို
ဒုက္ခမပေးမိအောင် ကိုယ့်ကိုယ်ကို
အချိန်ပြည့် သတိပေးနေရတာပါ
ကဲ
ပြောကြစမ်းပါအုံး
ခင်ဗျားတို့ လွမ်းဖူးတယ် ခင်ဗျားတို့ စိတ်ညစ်ဖူးတယ်
ခင်ဗျားတို့ ချစ်ဖူးတယ်ဆိုတာတွေဟာ
ကျုပ်တရေးနိုး အပေါ့ထသွားသလောက်ပဲရှိတာပါ လို့ပြောရင်
ကျုပ်အလွန်ပဲ ခင်ဗျားတို့ပြောကြအုံးမယ်
တော်ပါပြီဗျာ
လက်ကျန် ဝီစကီကို
ဖုန်ကြားရှင်အမှတ်နဲ့ အပြတ်ရှင်းတာပဲ ကောင်းပါတယ်
Have a lovely day guys .......။

" ဘကြီး"

...............................................................
ကျနော့်လက်ကြားထဲက ဆေးလိပ်တိုလိုပဲ
ဘဝကို အချိန်တွေက စားစားသွားကြတာ
လတွေ နှစ်တွေ မမှတ်နိုင်တော့ဘူး ...
.............................................................
ဘကြီးရေ
ခင်ဗျား ပြောပြဖူးတဲ့ ပုံပြင်တွေနဲ့
ကျနော် ဆိုပြခဲ့ဖူးတဲ့ သီချင်းတွေနဲ့
ကျနော်တို့ရဲ့အတိတ်ထဲမှာ
ကျနော်တို့တွေ အိပ်မက်မက်ခဲ့ကြဖူးတယ်နော် ...
..............................................................
အခုတော့လဲ
သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုဖောက်လို့
ကျနော်တို့တွေ အိပ်မက်ကနိုးခဲ့ပြီးပါပြီ
တခါတခါတော့လဲ
အတိတ်တွေကို လွမ်းမိတယ် ဘကြီးရေ ...
.............................................................
ခင်ဗျားရော
ဘယ်နေရာမှာ ဘာတွေလုပ်နေလဲ
ဘယ်သူတွေနဲ့ အတူရှိနေလဲ
နေရောကောင်းရဲ့လား
စိတ်ကူးထဲမှာပဲ မေးဖြစ်တာတွေပါ ......
..............................................................
ကျနော်လဲ အဆင်ပြေပါတယ်
တခါတခါ သတိရတတ်တာကလွဲလို့
အရင်လို ရင်ခုန်တမ်းတခြင်းတွေ
မရှိတော့တာ အမှန်ပါ ...
..............................................................
ပျော်ပါစေ ဘကြီးရေ
ဘဝထဲမှာ ဘဝတွေကို စားရင်း
အရင်လိုပဲ နုပျိုလန်းဆန်းပါစေ
ဒီတနေ့တော့ စောစောအိပ်တော့မယ်
ဂွတ်နိုက်ပါဗျာ ...........။

.............................................................
( ဘကြီး လို့ချစ်စနိုးခေါ်ဖူးတဲ့ တချိန်က ကောင်းမလေးသို့ )

*** သေးမျှင်အတွက် စာတစောင် ***



  သေးမျှင်ရေ
" ကမ္ဘာမကြေ " အတူတူဆိုခဲ့ကြတဲ့
တခါက ရိုးမတောတန်းတွေ
အခုတော့
တရုတ်စကားတွေ မပီတပီ ပြောနေကြပြီ ... တဲ့
.................................
ပါးကွက်ကျားလေးနဲ့ မြန်မာလူငယ်တွေလဲ
တစ်နိုင်ငံလုံးနီးပါး ကိုးရီးယား ရောက်သွားကြပြီ ... တဲ့
....................................
ငြိမ်းချမ်းရေးသံစဉ်တွေ နားထောင်ရင်းနဲ့
ဟိုး ... အရှေ့စူးစူးအရပ်ကလူတွေလဲ
အိုးအိမ်တွေ မဲ့ကြရပြီ .. တဲ့
.....................................
တသက်လုံးပစ်ခတ်လာတဲ့ ကျုပ်ရဲ့သေနတ်ပြောင်းဝမှာ
ငြိမ်းချမ်းရေးလက်မှတ်တွေ မပါခဲ့ပေမဲ့
မြိုင်သာတဟ်ဝိုက်မှာတော့ ငြိမ်းချမ်းနိုင်ခဲ့တယ်မလား သေးမျှင် ..
....................................
လူထုအတွက် ၊ လူမျိုးအတွက်၊
ဒါမှမဟုတ်
ကိုယ့်ပြည်ကို ငြိမ်းချမ်းအုပ်ချုပ်နိုင်ရေးအတွက်လို့ ပြောနေသူတွေ ပါးစပ်မှာ
ဘာ့ကြောင့် ယမ်းနံ့တွေ ဝေနေရတာလဲ ...
.......................................
ကျုပ်တို့အသက်တွေလဲ ကြီးလှပါပြီ သေးမျှင်
နောင်တချိန်မှာ လောကကို တာဝန်ယူရမယ့်
နောင်တချိန်မှာ လောကကို လှပဖွံ့ဖြိုးစေမဲ့
ရိုးရိုးသားသား မျိုးဆက်သစ်တွေကို
လူမျိုးရေး ဘာသာရေးတွေနဲ့ သွေးခွဲမနေပါတော့နဲ့ကွယ်
ကျုပ်တို့ ငြိမ်းငြိမ်းချမ်းချမ်းလေး သေကြရအောင် ...။

ရောက်တတ်ရာရာ (၄)


ကောင်မလေးရေ
ငါက
ပင်လယ်နှစ်စင်းကြားက တိမ်ပုတ်တစ်ခုပါ
ကိုယ်ပိုင်ရှင်သန်မှုနဲ့ ကူးခတ်နေတဲ့
မင်းရဲ့ စိတ်လေငှယ်တွေ
ငါနဲ့အတူလိုက်ပြီး မယိမ်းချင်ပါနဲ့
ငါ့ကြောင့်
မင်းကမ္ဘာမှာ ရွာတဲ့မိုးတွေဟာ
မျက်ရည်တွေ မဖြစ်စေချင်လို့ပါ
ကိုယ့်ဘာသာပဲ လွတ်လွတ်လပ်လပ်ကူးခတ်ပါ ကလေးရယ်
ငါဟာ
မင်းအတွက် မိုးကောင်းရွာမပေးနိုင်တဲ့
တိမ်ပုတ် တစ်ခုပါ

ရောက်တတ်ရာရာ (၃)




ငါ 
အတိတ်နဲ့ ပစ္စုပ္ပန်တွေကြားမှာ လှော်ခတ်ရင်း
လက်ရှိဘ၀မှာ
ကိုယ့်အမည်ကိုယ် မဖော်နိုင်ခဲ့သူ ......

ငါ
ကိုယ့်လမ်းပေါ်မှာ
ကိုယ့်ရင်ဘတ်ကို ချနင်းရင်း
အသွေးအသားတွေက လှောင်ပြောခြင်းခံရသူ ....

ငါ
ရုပ်နာမ် နှစ်ပါးအကြားမှာ ကကြိုးသွယ်ခဲ့သူ ....

ငါ
ကိုယ့်ကိုယ်ကို ကြည့်နေသလောက်
ကိုယ့်ကိုယ်ကို မမြင်ရတဲ့သူ .....။

### တမာမြေတမ်းခြင်း ###



စူးရှရှ တမာဖူးရနံ့တွေနဲ့
အညာမြေရဲ့ အပွေ့အဖက်က အရင်လိုပါပဲ မယ်တင်
ငါသာ ဘဝတွေခါးလွန်းလို့
အဲဒီတမာပန်းတွေကွယ်ရာမှာ
ငါ့ကိုယ်ငါ
အကြိမ်ကြိမ် ချိုမြပြခဲ့ရတာ ....

တမာသူရေ
ပါးကွက်ကျားပါးပါးလေးနဲ့
ဘဝကို မထီမဲ့မြင်ပြုံးတတ်တဲ့ နင်လဲ
ထန်းတောထဲက အဖေ့ပြန်ချိန်ကို
အရင်လို စောင့်နေတတ်တုံးပဲမလား ..

"ဘဝက တမာတွေနဲ့အပြိုင်များခါးကြသလားဟာ" ဆိုတဲ့ နင့်အမေး
အရင်တခါလိုပဲ ငါ ဖြေပါရစေ မယ်တင်
" တကယ်တော့ တမားတွေက မခါးကြပါဘူး
အချိုလွန်နေရုံလောက်ကလေးပါပဲ
အဲလိုပေါ့ဟာ ငါတို့လဲ အချိုလွန်ဘဝတွေပေါ့ .."

ငါတို့ဘဝတွေကို လှည်းဝင်ရိုးအဖြစ်နဲ့ ရုန်းနေကြရတဲ့အခါ
သစ်ပွသားနဲ့ယက်လုပ်ထားတဲ့ လှည်းကတော့
မြန်မြန်ကျိုးလွယ်တာပေါ့လေ ..

ကိုယ့်အနာနဲ့ကိုယ်မို့
တမာအိပ်မက်တွေကို ကျောခိုင်းထွက်ခဲ့ရပေမဲ့
တခါတခါတော့လဲ အညာမြေကို
သိပ်လွမ်းတယ် မယ်တင်ရယ် ...။

****** ကဗျာလိုက်ပွဲ *****



ကဗျာလိုက်တမ်းကစားတဲ့နေ့က
ပြေးရင်းလွှားရင်း
ခံစားချက်တွေ ကျကျကွဲတယ်
ကဗျာကို "ကဗျာ" လို့ခေါ်တော့
ငါနားမလည်တဲ့ဘာသာစကားနဲ့ပြန်ကြည့်တာ
ညအရောင်ထွက်တဲ့ စမ်းချောင်းလို
အကြည့်တွေ ကြည် ............. လဲ့ ..

လအသေတွေမျာပါလာတဲ့ အဲဒီစမ်းချောင်းလေးကို
ငါက ငေးတယ်
ကဗျာကတော့
စမ်းချောင်းရင်ကွဲသံတွေ ဆယ်ယူပွေ့ဖက်ရင်း
ဒဏ်ရာတွေအန်ချနေရတာ
နီးသွားလိုက် .......... ဝေးသွားလိုက်

ငါ့ညထဲမှာ ကောင်းကောင်းမသာနိုင်ခဲ့တဲ့
တခါတုန်းက လရိပ်ကလေးလဲ
ဝေဒနာတွေ
နာလာလိုက် ............... ချိုလာလိုက်

အဲဒီညက
ငါ့ရင်ဘတ်ပေါ်မှာ ငါကိုယ်တိုင်
ကဗျာတွေမျှားဖြစ်ခဲ့တယ် .......။

*********** အရက်သောက်ခြင်း *************


အတိတ်တွေမေ့တဲ့ည
စိတ်တွေအိပ်တဲ့ည
ရီဝေဝေ အကြည့်တွေနဲ့
ကဗျာက ငါ့ကို ရေးသွားတယ် ....

မီးတောက်တွေကြားထဲ
အဖြူရောင်ပိုက်တစင်း ထိုးဆင်းလို့
စူးရှရှ bamboo light နဲ့
ငါ့ရဲ့ ညမူးခန်းကိုဖွင့်
ငါ အသင့်အတင့်တော့ ကျေနပ်မိသား ..

တစ်ခုံဝင် တစ်ခုံထွက်နဲ့
ငါရယ်
ငါ့အပေါင်းအဖော်များရယ်
အဖြူရောင် ဖန်ခွက်လေးတွေရယ်
မကြားတကြားစကားဖောင်ဖွဲ့သံတွေရယ် ကလွဲရင်
အပြေးအလွှားမီးတွေပိတ် တလောကလုံး အိပ်ကြပြီ ..

လူတွေရွေ့လျားသွားကြ
အချိန်တွေ ရွေ့လျားသွားကြ
ဟိုးအရှေဲအရပ်ဆီမှာလဲ
ရောင်နီပျိုးလို့ နေမင်းလဲနိုးပြီးတဲ့
နောက်ဆုံးမှတ်မိတဲ့
Tequila ပွေ့ဖက်ခြင်းနဲ့
အဲဒီညက ဘုံးဘုံးလဲ အိပ်ပျက်ခဲ့တယ် ...။

**** စိတ်ဆိုင် (သို့) ကြယ်မပျိုးတတ်သူ ***




ဟိုဘက်လမ်းထိပ်က သီချင်းဆိုင်မှာ
သီချင်းက
ညဥ့်ငှက်တွေကို ပြန်ပြီးဆိုတယ်

ပင်လယ်ပျော်တွေက
စိတ်လိုလက်ရ လက်ခုပ်တီးတယ်

စားပွဲဝိုင်းကြီးကြီးမားမာတွေက
ခပ်သေးသေးဖန်းခွက်တွေထဲမှာ
အချိုးကျကျ စီးမျောကခုန်

ဖြတ်ကနဲ သူတို့အကြည့်တွေမှာ
အိပ်မက်တွေ သိပ်ကို ပါးပါးလွှလွှ

ကျနော်ဟာ
ကောင်းကင်သာရှိပြီး
ကြယ်စုံမပျိုးတတ်ခဲ့သူပါ ...။

ညကြောင့်မီးတွေလင်းကြတာလား
မီးကြောင့် ညတွေလင်းရတာလား
သေချာတာတော့
သူတို့ရဲ့ မနက်စောစောတွေအကုန်လုံး
ညထဲ တရွေ့ရွေ့တိုးဝင်ပျောက်ကွယ်
ကျနော်တို့လမ်းလေးမှာ
ရင်ခုန်သံတွေ တပွေ့တပိုက်နဲ့

ကျနော်ဟာ
ကောင်းကင်သာရှိပြီး
ကြယ်စုံမပျိုးတတ်ခဲ့သူပါ ...။

စိတ်တွေရင်းလို့ စိတ်တွေလျော်ပေးကြတာတဲ့
ကျနော့်စိတ်နဲ့ ရွက်လွှင့်သွားတဲ့ပင်လယ်
အခုအချိန်အထိ ကမ်းပြန်မကပ်နိုင်သေးတာ
ကျနော်ကိုယ်တိုင်
အလျော်အစားမှားခဲ့တာလား

အဲလိုနဲ့ပဲ

ကျနော်ဟာ
ကောင်းကင်သာရှိပြီး
ကြယ်စုံမပျိုးတတ်ခဲ့သူပါ ...။

************* ရာသီလွဲကံကြမ္မာ ***********



စေးပျစ်ပျစ် လွဲချော်မှုတွေက
ရင်ဘတ်ကိုဖြတ်ပြီး
တစ်ဘဝလုံးခြုံလို့ စီးတယ်
တစ်ခါတစ်ခါ ချိုသလိုလို
တစ်ခါတစ်ခါ ခါးသယောင်ယောင်
ဘဝက
ရာသီမညီတဲ့ ပန်းတစ်ပွင့်လိုပါပဲ

အိပ်ယာထမှ အိပ်မက်မက်ဖို့ ကြိုးစားကြသူတွေ
ဘဝကို ဘဝနဲ့မျှားကြသူတွေ
အချင်းချင်းတိုးရင်း ကြိတ်ရင်း
ကျနော်နေတဲ့ မြို့လေးလဲ
တဖြည်းဖြည်း အသက်တွေကြီးလာပြီ အမေ

သူများတွေချရောင်းတဲ့ အယောင်ဆောင်မှုတွေကြားမှာ
ကျနော့စကားလုံးတွေလဲ မျက်နှာများတတ်ခဲ့ရပြီ
အဲလိုနဲ့ပဲ
သဘာဝအလိုက်ရှင်သန်ရှင်း
ကျနော် ကြီးရာက ငယ်လာခဲ့ရတယ် အမေ

စိတ်နဲ့စားသုံးတာတောင်
ဘဝက ခဏခဏ အဆိပ်သင့်နေရတာ
ကျနော့ကို ကံကြမ္မာနဲ့မတည့်တဲ့အရပ်မှာများမွေးခဲ့မိသလား အမေ ...။

+++ ကိုယ်ပိုင်အလွဲ +++


ကိုယ့်ကိုယ်ကို ရေလောင်းပေါင်းသင်ခဲ့တာပါပဲ
ဒါပေမဲ့
အဆင်မပြေမှုတွေသာ ကြီးထွားလာကြတယ်
အသိတွေက ပွင့်ဖတ်ဖြစ်မလာကြဘူး ...

ရိတ်သိမ်းသိုလှောင်ခံထားရတဲ့
စိတ်ချမ်းမြေ့မှုတွေလဲ
ဘယ်အချိန်ကျမှ စိမ်းလန်းနိုင်ကြမယ်မသိသေး
အခုအချိန်အထိတော့ ကံကြမ္မာက မီးနီပြနေတုန်းပဲ ...

လောကမှာ
ငါရယ် အခြားသူရယ် ဆိုပြီး
နှစ်ယောက်ထဲ ရှိတာတောင်
ငါနဲ့ငါက
အခုအထိ သဟဇာတ မဖြစ်နိုင်သေးဘူး
လေတယ် ...

ရောက်တတ်ရာရာ (၂)

ဘ၀တွေ အခိုးအငွေ့အဖြစ်နဲ့
ပျောက်ကွယ်သွားကြရင် ကောင်းမယ်
တခါတခါ လောကက
ငါ့အတွက်မှ ရွေးပြီး မှောင်နေသလိုပဲ
ကြည့်လေ ကြည့်လေ
လမ်းတွေမမြင်ရတော့လေ
ကြိုးစားပမ်းစား ရှိုက်သွင်းမိတဲ့ အသက်ရှူခြင်းတွေတောင်
အပုတ်အသိုးအဖြစ်နဲ့
ဘ၀ကို လည်ပတ်စေတယ်
စိတ်ကုန်တယ် ....။

*** ကိုယ်ပိုင်ကမ္ဘာ ***

ထမ်းထားရတာ လေးလွန်းလာလို့
ပခုံးထက်ကအထုပ်ကို ဖြည်ကြည့်တော့
အတိတ်က တင်ထားခဲ့တဲ့ သမိုင်းကြွေးတွေ ....

စိတ်လွတ်ကိုယ်လွတ် လောကကို ငေးကြည့်နေတုန်း
ကဗျာတွေ ပျံတက်သွားလိုက်
ပြိုဆင်းကျလာလိုက်နဲ့
အစုလိုက်အပြုံလိုက် ခံစားနေကြတဲ့ ဒီကောင်းကင်ထဲမှာ
ကျနော်ကတော့ ကိုယ့်ကိုယ်ကို ရေးခြစ်ပြဖို့
ဘာသာစကားတခုကို ရှာဖွေနေရတုန်း ....

အရောင်အသွေး ... တဲ့
အသွင်အပြင် ........ တဲ့
ဂုဏ်ပကာသန ...... တဲ့
ဆေးရောင်စုံတွေ ရက်ရက်စက်စက်လှတဲ့
ဒီဘက်ခေတ်လောကမှာ
ကျနော်ဟာ
ဇနပုဒ်က ပါးကွက်ကျား တကွက်ပါ .....

ကျနော့်မှာ ကျေးငှက်တွေ နားလည်တဲ့
သင်္ခါရတွေ ရှိတယ်
ကျနော့်မှာ မြူနှင်းတွေ မမြင်လိုက်ရတဲ့
ဖြူစင်ခြင်းတွေ ရှိတယ်
ကျနော့မှာ ခင်ဗျားတို့တယောက်မှ မသိတဲ့
ကိုယ်ပိုင် အိပ်မက်တွေရှိတယ်
ကျနော့စိတ်ကူးသံစဉ်တွေနဲ့ ဖွဲ့တည်ထားတဲ့
ကျနော့ကမ္ဘာဟာ
ခင်ဗျားတို့ မမြင်ဖူးလောက်ကို လှတယ်ဆိုရင်
ခင်ဗျားတို့ ငြင်းရဲလား .....။

ရောက်တတ်ရာရာ (၁)

အတွေးတွေ သပ်သပ်ရပ်ရပ်ပါပဲ
ဒါပေမဲ့
အိပ်မက်တွေသာ ကစဥ့်ကလျား ဖြစ်ခဲ့ရတာ
အစီအစဉ်တကျရေးဆွဲထားတာတောင်
မနက်ခင်းတွေက အစုလိုက်အပုံလိုက်
လွဲမှားကြသေးတယ်
ဘာပဲဖြစ်ဖြစ်လေ
ငါ့ကိုယ်ငါ ပြန်မြင်တဲ့တနေ့
လောကကလဲ ငါ့ကို မြင်ပါလိမ့်မယ်
အေးဆေးပေါ့ .....။

သဲညှာ

သတိရမိတယ် သဲညှာ
ရင်ခွင်အဟောင်းနဲ့
ရင်ခုန်သံ အပုတ်အသိုးတွေနဲ့
မပီမသ တွေ့ဆုံမှုတွေနဲ့
ဟိုတချိန်တုန်းက မင်းကို
ခပ်ဝေးဝေးကနေ ငါ တခါတခါ သတိရနေမိသေးတယ် သဲညှာရေ .....။

*** April တမ်းခြင်း ***

အေပရယ်ရေ
အရင်တုန်းကတော့
အဝါရောင်ကိုယ်သင်းရနံ့တွေနဲ့
ငါ့ရင်ကို ရွှဲရွှဲနစ်အောင် ငါ ချစ်ခဲ့ဖူးပါတယ်
ရစ်မူးခြင်း ပျော်ရွှင်ခြင်း ကျေနပ်ခြင်းတွေနဲ့
ငါ့ကို စိုးမိုးလွန်းသူက မင်းပဲပေါ့ ...

ခုတော့
တဖြည်းဖြည်းနဲ့ အရောင်တွေမှိန်လို့
မင်းလဲ
တစ်နှစ်ထက်တစ်နှစ် ရနံ့တွေ နွမ်းနွမ်းလာတယ်
အရင်တုန်းက ငါ ရင်ခုန်ခဲ့ဖူးတဲ့ မင်းအလှတွေက
ရစ်မူးဖောက်ပြန်တတ်တဲ့ ငါတို့ရဲ့ အခြားတဖက်ကမ္ဘာအသွင် ဆောင်လာတယ်
ဝမ်းသာရမလား ဝမ်းနည်းရမလား မသေချာပေမဲ့
သေချာတာတခုက ငါ့ရင်နဲ့ မင်းနဲ့ တဖြည်းဖြည်းဝေးခဲ့တယ် အေပရယ် ...

အရင်လို ကြည်နူးဆွတ်ပျံ့ဖွယ်နေပေးပါ အေပရယ်
အရင်လို သာယာငြိမ့်ညောင်းဖွယ်တေးသံတွေနဲ့ ငါ့ရင်ကို အေးမြစေပါ အေပရယ်
အရင်လို သပ်သပ်ရပ်ရပ် ရွှဲနစ်ခြင်းတွေနဲ့ ငါ ခိုက်ခိုက်တုန်ချင်နေသေးတယ် အေပရယ်

ဒါပေမဲ့ကွယ် .........

ဒီတနှစ်လဲ မင်းနဲ့ရင်မဆိုင်ချင်သေးလို့
ငါ အခန်းတံခါးပိတ် အိပ်တော့မယ်
Good Bye April ........

### ညဥ့်နက်သီချင်း ###


အထီးကျန်ခြင်းတွေ အန်အန်ချနေတဲ့ အဲဒီညနေခင်း
ငါ့အခန်းထဲကကို မထွက်နိုင်သေးဘူး
သွားစေချင်ပြီ .. မမြင်ချင်တော့ဘူး
အသဲကွဲတယ်ဆိုတာ ငါနဲ့ ဖူးစာပါပီးသား နတ်သမီးထင်ပါ့
ဘဝတဆစ်ချိုးတိုင်း .. ကိုယ်ထင်ပြတယ် ...။

မင်းအတွက်တော့ ကလူကျီစယ်ခြင်းဆိုပေမဲ့
ငါ့အတွက်က ရင်တခြမ်းလုံးပုတ်သိုးစေတဲ့ အဆိပ်မြားပါ
အချစ်ဆိုတာ
လိမ်ညာပြီးကစားကြတဲ့ ကစားပွဲမှမဟုတ်ပဲ
ရင်ဘတ်တွေထိုးကျွေးပြီး ခံစားချက်တွေ ကိုယ်စီစားသုံးကြရတာ
ကစားပွဲတခုထက် ပိုရင်းနှီးရတယ် ...။

မင်းနဲ့ဝေးရရင် ငါ သေနိုင်တယ်လို့ မဆိုလိုပါဘူး
ဒါပေမဲ့
မင်းကိုပေးလိုက်တဲ့ ခံစားချက်စစ်စစ်တွေက နောက်ထပ်အတုမရှိနိုင်တော့လို့
သေမယ်ဆို သေလို့ရတယ် ..
မင်းရဲ့ချစ်ခြင်းနဲ့ ငါ့ကမ္ဘာကိုလင်းစေခဲ့တာ
အခုတော့ လတွေမိုက်ကုန်ကြပြီ
အိပ်မက်ထဲမှာ အိပ်မက်ကို ပြန်ရှာရင်း ညက နက်သထက်နက်နက် လာနေတယ် ...။

ရှိစေတော့
တစ်ကြိုးထဲတီးလို့ သံစဉ်မစုံနိုင်ဘူးဆိုပေမဲ့
ငါ့လွမ်းခြင်းနဲ့ ငါ့ကိုယ်ငါ ချော့သိပ်တော့မယ်
မင်းလဲ အိပ်ပျော်ပါစေ ...။

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။