Saturday, 15 September 2012

" ရှက်ရွံ့မှု (သို့) ဒေါသ "




ကောင်မလေးရေ

အချစ်ဆိုတာ နားလည်မှုတစ်ခုသာဆိုရင်

မင်းငါ့ကို နဲနဲလေးမှ မချစ်ခဲ့ဘူးပဲ ...။


ငါ့စာမျက်နှာတွေကိုဖတ်ဖို့

မင်းမှာ ဒီနေ့အထိ

ဘာသာစကားတွေ မရှိခဲ့ဘူးနော် ...။


ငါ့ကို မလိုအပ်တော့ဘူးဆိုရင်လဲ

အကြည့်စိမ်းစိမ်းတချက်လောက်နဲ့တင်

ကျောခိုင်းပေးထားလိုက်ပါမယ်

အများကြီးပြောမနေပါနဲ့တော့

မင်းစိတ်ညစ်နေရမှာစိုးလို့ပါ ...။


ငါဟာ သိမ်ငယ်တတ်သူတော့မဟုတ်ခဲ့ပါဘူး

ဒါပေမဲ့

မင်းရဲ့စကားတစ်ခွန်းထဲကြောင့်

အဲဒီနေ့က

ကိုယ့်တရပ်စာကိုယ်တောင် ခေါင်းမဖော်နိုင်ခဲ့ဘူး

ဘာတဲ့

"ညီမလေးစဉ်းစားစရာတွေရှိလာတယ်" တဲ့

ဟဟဟ .. ဟဟဟဟ .. ဟဟဟ.

အကြိမ်ကြိမ် ငါ ရယ်ပစ်လိုက်ပါတယ်

ဒါပေမဲ့

ဘာအသံမှ ထွက်မလာပါများတော့

ရင်ဘတ်တွေပဲ နာနာလာတယ်ကွာ ...။


ဒုက္ခဆိုတာ

နေ့စဉ် သွားလာနေကြတဲ့လူတွေမှန်း ငါသိပါတယ်

အဲဒါကို ကြောက်လဲမကြောက်ခဲ့ဖူးပါဘူး

ဒါပေမဲ့    .........  အခုတော့

ငါ့ကိုယ်ငါ လန့်လာတယ်

ဘာလို့လဲဆိုရင်

ငါ့ရင်ဘတ်က မင်းကို

ငါထင်ထားတာထက် ပိုလေးနက်နေမှန်း သိလိုက်ရလို့ပဲ ...။


တော်ပါပီ ကောင်မလေးရေ

ငါ့ရင်ဘတ်ကို ကြည့်ပြီး

ပွင့်လင်းမှုတွေ မင်း အန်ချလာနိုင်တဲ့တနေ့ကျမှပဲ

မင်းရှေ့ကို ငါ ရောက်လာပါရစေတော့

မင်းစိတ်တွေ ကျဉ်းကြပ်နေရရင်

ငါလဲ ပျော်နိုင်မှာမဟုတ်လို့ပါ ...။


ငါ့အတွက်ဆိုရင်

စကားလုံးတွေသိပ်ရှားပါးတတ်တဲ့ မင်းဆီက

ပွင့်လင်းမှုတစ်ခုကိုပဲ ငါကလဲ တောင့်တခဲ့တယ်

တကယ်တမ်းရနေတာကတော့ "လစ်လျူရှုမှု" ...။



ရက်စက်လိုက်တာ ကောင်းကင်ရယ်

ငါ့ရင်ပေါ်ကိုမှ အလေးမထားခြင်းမိုးတွေရွာချရတယ်လို့

.... တောက် ........။


                  " အဲဒီသစ်ရွက်တွေ နွမ်းခြောက်ကြွေသွားတဲ့အခါ အပြာရောင်သုသာန်မှာ အိပ်မက်ဂူအဖြစ်  မြှုပ်နှံပေးပါ"
                                                                                                                      
                                                                                                                  သစ်ရွက်လင်း




No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။