Thursday 19 March 2015

### တမာမြေတမ်းခြင်း ###



စူးရှရှ တမာဖူးရနံ့တွေနဲ့
အညာမြေရဲ့ အပွေ့အဖက်က အရင်လိုပါပဲ မယ်တင်
ငါသာ ဘဝတွေခါးလွန်းလို့
အဲဒီတမာပန်းတွေကွယ်ရာမှာ
ငါ့ကိုယ်ငါ
အကြိမ်ကြိမ် ချိုမြပြခဲ့ရတာ ....

တမာသူရေ
ပါးကွက်ကျားပါးပါးလေးနဲ့
ဘဝကို မထီမဲ့မြင်ပြုံးတတ်တဲ့ နင်လဲ
ထန်းတောထဲက အဖေ့ပြန်ချိန်ကို
အရင်လို စောင့်နေတတ်တုံးပဲမလား ..

"ဘဝက တမာတွေနဲ့အပြိုင်များခါးကြသလားဟာ" ဆိုတဲ့ နင့်အမေး
အရင်တခါလိုပဲ ငါ ဖြေပါရစေ မယ်တင်
" တကယ်တော့ တမားတွေက မခါးကြပါဘူး
အချိုလွန်နေရုံလောက်ကလေးပါပဲ
အဲလိုပေါ့ဟာ ငါတို့လဲ အချိုလွန်ဘဝတွေပေါ့ .."

ငါတို့ဘဝတွေကို လှည်းဝင်ရိုးအဖြစ်နဲ့ ရုန်းနေကြရတဲ့အခါ
သစ်ပွသားနဲ့ယက်လုပ်ထားတဲ့ လှည်းကတော့
မြန်မြန်ကျိုးလွယ်တာပေါ့လေ ..

ကိုယ့်အနာနဲ့ကိုယ်မို့
တမာအိပ်မက်တွေကို ကျောခိုင်းထွက်ခဲ့ရပေမဲ့
တခါတခါတော့လဲ အညာမြေကို
သိပ်လွမ်းတယ် မယ်တင်ရယ် ...။

No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။