စေးပျစ်ပျစ် လွဲချော်မှုတွေက
ရင်ဘတ်ကိုဖြတ်ပြီး
တစ်ဘဝလုံးခြုံလို့ စီးတယ်
တစ်ခါတစ်ခါ ချိုသလိုလို
တစ်ခါတစ်ခါ ခါးသယောင်ယောင်
ဘဝက
ရာသီမညီတဲ့ ပန်းတစ်ပွင့်လိုပါပဲ
အိပ်ယာထမှ အိပ်မက်မက်ဖို့ ကြိုးစားကြသူတွေ
ဘဝကို ဘဝနဲ့မျှားကြသူတွေ
အချင်းချင်းတိုးရင်း ကြိတ်ရင်း
ကျနော်နေတဲ့ မြို့လေးလဲ
တဖြည်းဖြည်း အသက်တွေကြီးလာပြီ အမေ
သူများတွေချရောင်းတဲ့ အယောင်ဆောင်မှုတွေကြားမှာ
ကျနော့စကားလုံးတွေလဲ မျက်နှာများတတ်ခဲ့ရပြီ
အဲလိုနဲ့ပဲ
သဘာဝအလိုက်ရှင်သန်ရှင်း
ကျနော် ကြီးရာက ငယ်လာခဲ့ရတယ် အမေ
စိတ်နဲ့စားသုံးတာတောင်
ဘဝက ခဏခဏ အဆိပ်သင့်နေရတာ
ကျနော့ကို ကံကြမ္မာနဲ့မတည့်တဲ့အရပ်မှာများမွေးခဲ့မိသလား အမေ ...။
No comments:
Post a Comment