မိုးပြာရောင်တွေ အိပ်တန်းတက်ကြချိန်တောင်
ညတွေက
တိတ်တိတ်ဆိတ်ဆိတ် ညံတုန်း
ရင်ထဲမှာ ဗလောင်ဆူအောင်လွမ်းတာက နင်
လမ်းမပေါ်ထွက်ကြည့်တော့
မြီးကောင်ပေါက်တွေရဲ့ ကျောင်းဝတ်စုံတွေပဲ
ဒေါင်လိုက်အဖြစ် တွေ့ရတယ်
ငါ့ညကို ငါ တူးဖော်ကြည့်တော့
အရိုးပြိုင်းပြိုင်းအထီးကျန်ခြင်းတွေပဲ
ဆွေးဆွေးမြည့်မြည့် တွေ့နေရတာ
ဝီစကီတစ်ပက်လောက်
ရင်ခုန်ချင်စရာမကောင်းတော့ဘူး
သတိရခြင်းတခွက်လောက်နဲ့ မူးချင်နေတဲ့ ငါ
ရှေ့က ရင်နင့်စရာတွေ တစားပွဲလုံးသာ သောက်သုံးရရင်တော့
ကြေကွဲစရာပဲ
သီချင်းတပုဒ်တော့ ကြားဖူးတယ်
" ခြောက်ခြားည" တဲ့ ....။
ခပ်ဝေးဝေးနေနေရသူတွေရဲ့
ရင်ခုန်သံချင်း ပွေ့ဖက်ရောထွေးတဲ့အချိန်
သိပ်ပျော်စရာကောင်းမှာပဲ
မိုးကုတ်စက်ဝိုင်းရဲ့ အနမ်းတစက်နဲ့
အရာရာလှပနေလိမ့်မယ်
စကားမစပ် မိန်းကလေးရေ
ရှေ့လှည့်ကြည့်လို့ နောက်ပြန်မြင်နေရတဲ့ခံစားချက်မျိုး
မင်းရင်ထဲမှာ ခပ်ပါးပါးရှိနေပြီဆိုရင်တောင်
အဲဒါကို သတိရလွမ်းဆွတ်ခြင်းလို့ ခေါ်တယ်
မဆုံဆည်းရတာ အပြစ်မဟုတ်ပေမဲ့
ချစ်ခွင့်တွေ ကံကုန်ပြီဆိုရင်တော့
ဘဝက ခါးတာပဲ ...။
သစ်ရွက်လင်း
No comments:
Post a Comment