အိပ်မက်တွေ မလွတ်လပ်တဲ့ကြားက
ညတွေချောင်ပိတ်ခံထားရတဲ့ ဘဝတခု
အလင်းရောင်မျှင်မျှင်လေး အဖြစ်နဲ့
ငါ့ဆီရောက်လာတယ်
ပိန်းပိတ်အောင် မှောင်နေတာ မဟုတ်ပေမဲ့
အလင်းလက်ဆုံး ကြယ်တပွင့်လဲ မဟုတ်ခဲ့ဘူး
သံစဉ်တိုင်းက ချိုမြိန်ခွင့်ရှိရင်
မင်းကို အသာယာဆုံးသံစဉ်တပုဒ်အဖြစ်
ငါ
ဖန်တီးပေးလိုက်ချင်ပါတယ် ...။
ချုံးချုံးကျအောင် ခုတ်မောင်းနေတာတောင်
အဲဒီဘဝရထားက ခရီးတွေ မရောက်နိုင်ကြသေးဘူးလေ
ငါ့ဘူတာရုံလေးရေ
အရိုးပြိုင်းပြိုင်း လမ်းဟောင်းလေးတွေနဲ့ပဲ
တသီးတသန့် ဖြစ်တည်ရဖို့
ဘဝက ငါ့ကို တရားစီရင်ပီးသားပဲ ထင်ပါရဲ့
ရောက်တတ်ရာရာ တွေးနေရင်းနဲ့
ရောက်တတ်ရာရာ ခံစားမှုတွေမှာပဲ စီးမျောလိုက်ပါရတာ
တခါတခါ လက်ပန်းကျချင်လာတယ်
ငါ့အတွက်လို့ ကူးခတ်နေမိရင်တောင်
ငါ့ဒုက္ခတွေ မင်းမြင်မိမှာ မဟုတ်ဘူး
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ
သံယောဇဉ်တွေ တစ်လှေလုံးပုတ်သိုးသွားကျတဲ့အခါ ဆိုရင်တော့
အဲဒီ"တက်"တွေလဲ ရေညှိတလုံးလုံး အဆင့်လောက်ကျန်ခဲ့ကြမှာပါ ...။
No comments:
Post a Comment