အချိန်တွေ ရင့်ကျက်လာပါ့မလားဆိုပီး
အဲဒီကောင်းကင်တွေ လမ်းလျှောက်တာကို
ထိုင်ကြည့်ပြန်တော့လဲ
ချွေးတလုံးလုံးနဲ့ ပူလွန်းတာကလွဲလို့
ရင့်ကျက်ခြင်းဆီကို မရောက်နိုင်ပြန်ဘူး
တံခါးတွေ အကုန်ပိတ်လိုက်ကြတော့မှ
တလောကလုံးရဲ့ နောက်ဆုံးမှာ
ငါတယောက်ထဲကျန်ခဲ့မှန်း
သိလိုက်ရတယ် ...။
စိတ်တွေ နီးလာလိုက် ဝေးသွားလိုက်
မြင့်တက်လိုက် ပြန်နိမ့်ဆင်းသွားလိုက်နဲ့
မျက်ရည်တွေ အန်အန်ချနေရတဲ့ ကောင်မလေးရေ
မင်းကိုယ်စား ရင်ဘတ်တွေပန်းနေပေမဲ့
မင်းရှေ့မှာ ရပ်တည်ပေးနိုင်ဖို့
နောက်ဆုံးက ငါ မစွမ်းနိုင်ခဲ့ဘူး
အဲဒီတော့
ယုံကြည်ချက်ပျောက်သူတို့ ထုံးစံအတိုင်း
ဆုတောင်းပေးရုံရှိတာပေါ့
သာယာပါစေ ပျော်ပါစေပေါ့လေ ...။
သူများတွေ ဘယ်လိုမြင်တယ်မသိပေမဲ့
မိုးတွေညို့လာတိုင်း
အခါခါကြွေကျပေးနေရတဲ့ မိုးစက်လေးတွေကို
လောကဓံကို မလွန်နိုင်ကြသူတွေအဖြစ်
ငါ သနားမိတယ်
ငါကိုယ်တိုင်လဲ မိုးစက်ဘဝနဲ့
အကြိမ်ကြိမ် အသက်ရှင်ခဲ့ရတာပဲလေ
ရှိစေတော့ ထားလိုက်ပါတော့ ပေါ့
ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြတယ်ဆိုပေမဲ့
ကိုယ်ပိုင်ရွေးခွင့်မရတဲ့ ဘဝတွေ
သံသရာပြတိုက်ထဲမှာ အပြည့်ပဲဆိုတာ
ရင်ဘတ်တွေနဲ့ရင်းပြီးကြည့်ရင် မြင်နိုင်ကောင်းပါရဲ့
အိုကေ ကောင်မလေးရေ
စိတ်ညစ်စရာတွေ စိတ်ဓာတ်ကျစရာတွေ ကြုံလာတိုင်း
ရေတွက်လို့မရနိုင်တဲ့ ကိုယ့်ထက်ဆိုးတဲ့သူတွေကို သတိရလိုက်ပါ
Good Luck ပါ ကလေးရယ်။
No comments:
Post a Comment