Thursday, 13 June 2013

" အိပ်မက်ရောင်ဖိနပ်တစ်ရံ "




လမ်းမပေါ်ထွက်လိုက်တော့

အလွမ်းကျကွဲသံတွေပဲ ဆူဆူညံညံကြားရတယ်

အခန်းထဲပြန်ဝင်လာတော့လဲ

ညက မင်းပြန်ယူမသွားဖြစ်တဲ့

အိပ်မက်ထဲက အနမ်းတွေ ပြည့်နေတယ်

နားမလည်ခြင်းတွေကို ခေါင်းအုံးအိပ်ပါများတော့

အိပ်မက်တွေတောင် ပုပ်သိုးချင်လာသလိုပဲ

လေတယ် ..... ။


ခံစားမှုတွေ အညှီနံ့တသင်းသင်းနဲ့

ငါ့ကိုယ်ငါ ရွာချပစ်လိုက်ရတဲ့ မျိုသိပ်ခြင်းမိုး

တစ်ရာသီလုံး ချမ်းတော့မယ် ..။


ကဲ

 နွေးထွေးခြင်းအစုတ်ပလုတ်လေးရေ

ကိုယ့်အထာနဲ့ကိုယ် နေတယ်ဆိုပေမဲ့

မင်းရင်ဘတ်ထဲက 

လက်တဝါးစာ မထီမဲ့မြင်ပြုမှုတွေက

တခါတခါ

ငါ ဆွဲထိုးချင်လောက်အောင် လှတယ် ..။


ညအသေတွေ အထပ်ထပ်မျိုချထားတဲ့ ငါ့ရာသီခွင်

မင်းလုပ်မှပဲ ဇာတာတွေ မှားတော့မယ်ထင်တယ်

အခုတောင် 

အရှေ့အရပ်က နေမထွက်တော့ဘူး .. ။


မှားသထက်မှားနေနိုင်ဖို့

ငါ ဖြုန်းတီးပစ်လိုက်ရတဲ့ အိပ်စက်ခြင်းတွေ

မင်းလမ်းတွေအတွက် 

ဖိနပ်တစ်ရံ ဖြစ်စေချင်တယ်

ကဲ

မိုးလဲလင်းပြီ အိပ်တော့မယ် .... ။





" မပြောဖြစ်တဲ့ကဗျာ "



အလဲအကွဲပါပဲ

တယောက်ထဲထိုးရတဲ့ပွဲ

မရှုမလှရှုံးခဲ့တယ် ... ။


တခန်းရပ်မဟုတ်ပေမဲ့

တဘတ်သတ်ဆန်နေတာမို့

ဒိုင်ပွဲရပ်နဲ့နားခဲ့ရတဲ့ ဒီဇာတ်မှာ

မျှော်လင့်ချက်တွေက ပွဲကြည့်ပရိတ်သတ် ..  တဲ့


ရင်တွေခမ်းအောင် ချစ်တော့မယ်ဆိုကာမှ

မပြတ်သားနိုင်ခြင်း အသိတွေကြောင့်

အိပ်မက်တွေခိုကိုးရာမဲ့ပီပေါ့


အိပ်နေရင်းနဲ့ အိပ်ရေးပျက်သူ ငါ

တခါတခါ ငါ မသိတဲ့ကမ္ဘာမှာ

ငါ့နာမည်ကို ထိုင်ရေးနေမိသေးတယ် ....။


ဘာပဲဖြစ်ဖြစ်ပေါ့လေ

မသိစိတ်မှာတောင် မင်းကိုကိုးကွယ်နေမိလေတော့

ကံစီမံရာပဲလို့ သဘောထားရင်း

ခံစားမှုတွေ ဘာသာမပြန်တတ်တဲ့ အခန်းမှာ

မင်းကို ငါ ထိုင်စောင့်နေမယ် ..။



" Anniversary" (29.05.2013)



ဘဝကို လုံးရင်းထွေးရင်းနဲ့
မင်းကိုငါ လုံးလုံးထွေးထွေး သတိရတယ်
ကောင်မလေးရေ ... ။

အတွေးတွေကို ရေချိန်ညှိကြရင်းနဲ့
ပိန်လိုက်ဖောင်းလိုက် ချစ်လာလိုက်ကြတာ
အခုဆိုရင် ရာသီတပါတ်တောင် လည်ခဲ့ပြီ ။

မင်းရဲ့ မိုးရာသီထဲမှာ
ငါ့ညတွေ ငြိမ်းချမ်းခဲ့ဖူးသလို
လေမုန်တိုင်းတွေကြားထဲမှာလဲ ငါတို့တွေ လူးလွန့်ခဲ့ရဖူးတယ်။

စိတ်တွေပုတ်သိုးသွားလိုက်
ခံစားချက်တွေ ရင့်ရော်လာလိုက်နဲ့
တယောက်ကိုတယောက် မြင်အောင် ကြည့်ကြရင်း
ငါတို့ မမုန်းဖြစ်ခဲ့ကြဘူးနော် ..။

ဒီရာသီ
အထူးသဖြင့်ဒီနေ့အချိန်ပေါ့
ငါ့အိပ်မက်တွေကို ချိုမြိန်သွားစေမဲ့ မင်းကို
ကံတရားက ငါ့ရှေ့ခေါ်ဆောင်လာပေးခဲ့တာ
သိပ်ကျေးဇူးတင်တယ်
ရင်ခုန်သံလတ်လတ်ဆတ်ဆတ်တွေနဲ့ ချစ်တတ်စေခဲ့လို့
မင်းကိုလဲ ကျေးဇူးတင်တယ် ...။

ချစ်တယ် ကောင်မလေးရယ်
အဆင်မပြေမှုတွေကို ငါတို့ရင်ဘတ်တွေနဲ့ ကုစားရင်း
နေဝင်ချိန်တစ်နေ့အထိ
ငါတို့ ရင့်သန်နေကြအုံးစို့ ..... နော် .... ။


Saturday, 20 April 2013

" သက်ဦးဆံပိုင်သခင်မ "




ချစ်သူရေ

အလွမ်းရောင်တလက်လက် လင်းနေတဲ့

ငါ့ရင်ခွင်နန်းထက်မှာ

"သက်ဦးဆံပိုင်သခင်မ" အဖြစ်

ကြွား ဝံ့ ဟန် ထည် လှည့်ပါတော့

အနေဝေးရခြင်းသောကတွေက

ခါးသက်လှပါဘိ .....။


မင်းရဲ့ အဲပြုံးအလင်းတွေ ဖြာကျနေတဲ့

ငါ့နှလုံးသားဥယျာဉ်ထဲမှာ

ရင်ခုန်ခြင်းအသီးအပွင့်တွေ

ပြွတ်သိပ်ကြပ်အောင် ဝေဆာခဲ့ပီပဲ

ခူးဆွတ်လှည့်ပါ

စားသုံးလှည့်ပါ

ဆင်မြန်းလှည့်ပါ

ယုယစွာကြင်နာထွေးပွေ့လှည့်ပါ

ငါ့ရဲ့ချစ်ခြင်းတရားသံစဉ်တွေနဲ့

နူးညံ့လွတ်လပ်စွာ ကခုန်လှည့်ပါတော့ကွယ် .....။


" သက်ဦးဆံပိုင်သခင်မ " ရေ

အဲဒီကြယ်ပြာရောင်ကောင်းကင်ကိုဆွဲကိုင်ပီး

ငါ့ရဲ့အိပ်မက်မှာ

ပျော်ရွှင်ခြင်းပန်းချီကားချပ်တွေ စုတ်ခြစ်လှည့်ပါ

ဘဝတွေမိန်းမောသွားလောက်တဲ့အထိကို လှပနေမဲ့

မင်းရဲ့ကြယ်သံစဉ်ဆေးချက်တွေနဲ့အတူ

မင်းအနမ်းမှာ

ငါ 

တဘဝစာမှေးစက်ပစ်လိုက်ချင်လို့ပါ .....။



အရောင်မဲ့
18.04.2014


(ကဗျာပိုင်ရှင် " အရောင်မဲ့ " ကို Credit ပေးပါတယ်။)





Thursday, 18 April 2013

" အပြာရောင်တမ်းချင်း(၂)"



အပြာရောင်လေးရေ

ငါ့အိပ်မက်အသေတွေ ကျဲဖြန့်ထားတဲ့
 
အိမ်ရှေ့နားက
 
ခပ်နွမ်းနွမ်းမနက်တွေထဲမှာ

ငါလှမ်းစရာ လမ်းပျောက်နေသလိုပဲ ....။
 

မရေမရာ မျှောင်လင့်ချက်တွေကို
 
ထုတ်ကြည့်ရဖန်များလာတော့
 
ငါ့ဝိညာဉ်ကို ငါ ရှက်လာသလို အားနာလာသလိုပဲ
 
ငါသူ့ကိုတော့မေးကြည့်လိုက်ပါတယ်
 
" ငါ ရူးနေပီလား" လို့
 
ဒါပေမဲ့
 
တကယ့်မရဲတရဲလေးရယ်ပါ ...။
 

ဟိုးအရင်တုန်းက
 
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လျှောက်နေတဲ့
 
ငါ့လမ်းတွေပေါ်မှာ
 
အပြာရောင်မိုးတွေ ရုတ်တရက်ကြီး ရွာချတယ်
 
သစ်ခွတွေရနဲ့မပြယ်ခင် သစ်ရွက်တွေမညှိုးနွမ်းခင်
 
သဲသဲမဲမဲပေါ့ .... ။
 

ဘာမှမဖြစ်ပါဘူးဆိုပီး ဆက်လျှောက်ခဲ့ပေမဲ့
 
တကိုယ်လုံးရွှဲရွှဲစိုလာမှ ပြန်ငုံကြည့်တော့
 
ငါ့မှာ ရင်ဘတ်မရှိတော့ဘူး
 
အခု
 
ငါ့ကိုယ်ငါပါပျောက်ဆုံးနေတယ် ... ။
 

အပြာရောင်လေးရေ
 
ငါ အခုချိန်အထိ မိုးမိနေတုန်းပါပဲ
 
ဒါပေမဲ့
 
တယောက်ယောက်အတွက်
 
တခုခုအတွက်
 
ဒါမှမဟုတ်ရင်လဲ
 
ဘာမှမဟုတ်တာအတွက်
 
မနက်ဖြန်ကစပီး ငါ တခုခုလုပ်ရတော့မယ် ...။



သစ်ရွက်လင်း
                                                                                                                            19.04.2013 at 12:40 AM


Tuesday, 16 April 2013

အပြာရောင်တမ်းချင်း(၁)


ခရီးတွေက သံယောဇဉ်တွေနဲ့ အရောင်တင်ထားကြလေတော့

ဝေးမှန်းနီးမှန်း မသိသာလိုက်ဘူး

အပြန်လမ်းတွေကျတော့လဲ

အလွမ်းတွေခေါ်ဆောင်ရာနောက် လိုက်ရတာ

မျက်စိတမှိတ်အတွင်းမှာတင် မိုင်တိုင်ပေါင်းများစွာကို ဖြတ်ပီးခဲ့သလိုပဲ

မြင်လိုက်ချင်စမ်းတယ် မက်ဆေ့တကြောင်း

ဖတ်လိုက်ချင်စမ်းတယ် စာတပိုဒ်

တကယ်လက်တွေ့မှာတော့

ငါ့ကိုကြိုဆိုကြတဲ့ သတိရခြင်းတွေက

အမှောင်ထဲမှာပဲ လဲလျောင်းနေကြတယ်

ဟူးးးးးးးးးးးးးးးး
မျှော်ရသူဘဝ ... ပူပန်ရသူရဲ့သောက

လွယ်တော့မလွယ်လှဘူးပဲ ..။

ဘယ်နေရာမှာလဲဆိုတာ မှန်းဆလို့ ရပေမဲ့

ဘာတွေလုပ်ပီး ဘယ်လိုတွေဖြစ်နေလဲဆိုတာ

တမ်းတမ်းကြည့်ရုံနဲ့ မသိနိုင်တော့လဲ

လွမ်းရင်းမော ... မောရင်းလွမ်းပေါ့လေ။

သစ်ရွက်လင်း
12.04.2013 at 11:30 PM






Monday, 25 March 2013

" ငါ့မှာတမ်း "




ငါ့ရင်တွေခုန်နေဆဲပါပဲ

ဒါပေမဲ့
 
ငါ အိပ်မက်တွေ မမက်တော့ဘူး
 
ညတွေအိပ်ရေးပျက်ရလွန်းလို့ပါ ...။

 

ငါ မင်းကို ချစ်နေဆဲပါပဲ
 
ဒါပေမဲ့
 
ငါ မျှော်လင့်ချက်မထားတော့ဘူး
 
ရင်ဘတ်တွေထိခိုက်နာကျင်ရတာ မကြည့်ရက်တော့လို့ပါ...။

 

မင်းနဲ့အတူ ဘဝကိုတည်ဆောက်ချင်စိတ်တွေ ရှိနေဆဲပါပဲ
 
ဒါပေမဲ့
 
ငါ အခိုင်အမာ ယုံကြည်မထားတော့ဘူး
 
မင်းရဲ့အနာဂတ်ထဲမှာ ငါ ရှိနိုင်မှာမဟုတ်လို့ပါ...။

 

မင်းရဲ့အပြုံးတွေကို တရှိုက်မတ်မတ် နမ်းချင်နေတုန်းပါပဲ
 
ဒါပေမဲ့
 
ငါ မတောင့်တ တော့ဘူး
 
ငါထက်သာတဲ့ဘဝထဲမှာ ဆက်ပီးပြုံးနေစေချင်လို့ပါ...။

 

ဖြတ်သန်းခဲ့ဖူးတဲ့ နေ့ညတွေကို သတိရမနေရင်လဲနေပါ
 
ဒါပေမဲ့
 
မေ့မပစ်လိုက်ပါနဲ့
 
ငါ ရူးသွပ်မသွားခင် အချိန်လေးအထိ မင်းကို စွဲလန်းနေချင်သေးလို့ပါ...။


                                                                     

သစ်ရွက်လင်း
26.03.2013  12:27 AM

" အပြာရောင်သတို့သမီး "




ငါ အထပ်ထပ်ညှိနေခဲ့ပါရက်နဲ့
 
အဲဒီကြိုးတွေက ဘာကြောင့် သံစဉ်မမှန်နိုင်ကြရတာလဲ
 
သံစုံညည်းဖို့ မလိုခဲ့တာတောင်
 
အော်ဟစ်သံတခုထဲနဲ့တင်
 
ကမ္ဘာမြေက ကွဲအက်ချင်နေသတဲ့လား
 

အပြာရောင်သတို့သမီးရေ
 
ငါ့ညထဲက တခမ်းတနားလက်ထပ်ပွဲက
 
အိပ်မက်အဖြစ်နဲ့ပဲ ဘိသိသ်သွန်းလိုက်ခဲ့ပြီထင်တယ်
 
လက်ခုပ်သံတသောသောက ငါအတွက်မဟုတ်ဘူးဆိုပဲ

အေးပေါ့လေ
 
ဒရွတ်တိုက်ဆွဲလာရဖန်များတော့
 
အဲဒီခံစားမှုတွေလဲ နာကျင်ပွန်းပဲ့နေလောက်ရောပေါ့
 
မင်းအတွက် ငါဟာ လိုအပ်ချက်မဟုတ်ပေမဲ့
 
ငါ့အတွက်တော့ မင်းဟာ ဆုလာဘ်တခုဖြစ်နေသေးတယ်
 
ဘာပဲဖြစ်ဖြစ်ပါ
 
မင်းမက်တဲ့အိပ်မက်တွေနဲ့ အဲဒီနေညိုရောင်မင်္ဂလာပွဲမှာ
 
မင်းပျော်ရွှင်စေဖို့ ငါ ဆန္ဒပြုခဲ့ပါတယ်။

 


သစ်ရွက်လင်း
25.03.2013

" မာန် "




အချိန်တွေ ရင့်ကျက်လာပါ့မလားဆိုပီး

အဲဒီကောင်းကင်တွေ လမ်းလျှောက်တာကို

ထိုင်ကြည့်ပြန်တော့လဲ

ချွေးတလုံးလုံးနဲ့ ပူလွန်းတာကလွဲလို့

ရင့်ကျက်ခြင်းဆီကို မရောက်နိုင်ပြန်ဘူး

တံခါးတွေ အကုန်ပိတ်လိုက်ကြတော့မှ

တလောကလုံးရဲ့ နောက်ဆုံးမှာ

ငါတယောက်ထဲကျန်ခဲ့မှန်း

သိလိုက်ရတယ် ...။

 

စိတ်တွေ နီးလာလိုက် ဝေးသွားလိုက်

မြင့်တက်လိုက် ပြန်နိမ့်ဆင်းသွားလိုက်နဲ့

မျက်ရည်တွေ အန်အန်ချနေရတဲ့ ကောင်မလေးရေ

မင်းကိုယ်စား ရင်ဘတ်တွေပန်းနေပေမဲ့

မင်းရှေ့မှာ ရပ်တည်ပေးနိုင်ဖို့

နောက်ဆုံးက ငါ မစွမ်းနိုင်ခဲ့ဘူး

အဲဒီတော့

ယုံကြည်ချက်ပျောက်သူတို့ ထုံးစံအတိုင်း

ဆုတောင်းပေးရုံရှိတာပေါ့

သာယာပါစေ ပျော်ပါစေပေါ့လေ ...။



သူများတွေ ဘယ်လိုမြင်တယ်မသိပေမဲ့

မိုးတွေညို့လာတိုင်း

အခါခါကြွေကျပေးနေရတဲ့ မိုးစက်လေးတွေကို

လောကဓံကို မလွန်နိုင်ကြသူတွေအဖြစ်

ငါ သနားမိတယ်

ငါကိုယ်တိုင်လဲ မိုးစက်ဘဝနဲ့

အကြိမ်ကြိမ် အသက်ရှင်ခဲ့ရတာပဲလေ

ရှိစေတော့ ထားလိုက်ပါတော့ ပေါ့

ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြတယ်ဆိုပေမဲ့

ကိုယ်ပိုင်ရွေးခွင့်မရတဲ့ ဘဝတွေ

သံသရာပြတိုက်ထဲမှာ အပြည့်ပဲဆိုတာ

ရင်ဘတ်တွေနဲ့ရင်းပြီးကြည့်ရင် မြင်နိုင်ကောင်းပါရဲ့

အိုကေ ကောင်မလေးရေ

စိတ်ညစ်စရာတွေ စိတ်ဓာတ်ကျစရာတွေ ကြုံလာတိုင်း

ရေတွက်လို့မရနိုင်တဲ့ ကိုယ့်ထက်ဆိုးတဲ့သူတွေကို သတိရလိုက်ပါ
 
Good Luck ပါ ကလေးရယ်။




 

" ထွက်ပေါက် "




အိပ်မက်တွေ မလွတ်လပ်တဲ့ကြားက

ညတွေချောင်ပိတ်ခံထားရတဲ့ ဘဝတခု

အလင်းရောင်မျှင်မျှင်လေး အဖြစ်နဲ့

ငါ့ဆီရောက်လာတယ်

ပိန်းပိတ်အောင် မှောင်နေတာ မဟုတ်ပေမဲ့

အလင်းလက်ဆုံး ကြယ်တပွင့်လဲ မဟုတ်ခဲ့ဘူး

သံစဉ်တိုင်းက ချိုမြိန်ခွင့်ရှိရင်

မင်းကို အသာယာဆုံးသံစဉ်တပုဒ်အဖြစ်

ငါ

ဖန်တီးပေးလိုက်ချင်ပါတယ် ...။



ချုံးချုံးကျအောင် ခုတ်မောင်းနေတာတောင်

အဲဒီဘဝရထားက ခရီးတွေ မရောက်နိုင်ကြသေးဘူးလေ

ငါ့ဘူတာရုံလေးရေ

အရိုးပြိုင်းပြိုင်း လမ်းဟောင်းလေးတွေနဲ့ပဲ

တသီးတသန့် ဖြစ်တည်ရဖို့

ဘဝက ငါ့ကို တရားစီရင်ပီးသားပဲ ထင်ပါရဲ့

ရောက်တတ်ရာရာ တွေးနေရင်းနဲ့

ရောက်တတ်ရာရာ ခံစားမှုတွေမှာပဲ စီးမျောလိုက်ပါရတာ

တခါတခါ လက်ပန်းကျချင်လာတယ်

ငါ့အတွက်လို့ ကူးခတ်နေမိရင်တောင်

ငါ့ဒုက္ခတွေ မင်းမြင်မိမှာ မဟုတ်ဘူး

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ

သံယောဇဉ်တွေ တစ်လှေလုံးပုတ်သိုးသွားကျတဲ့အခါ ဆိုရင်တော့
 
အဲဒီ"တက်"တွေလဲ ရေညှိတလုံးလုံး အဆင့်လောက်ကျန်ခဲ့ကြမှာပါ ...။





လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။