Monday, 25 March 2013

" ငါ့မှာတမ်း "




ငါ့ရင်တွေခုန်နေဆဲပါပဲ

ဒါပေမဲ့
 
ငါ အိပ်မက်တွေ မမက်တော့ဘူး
 
ညတွေအိပ်ရေးပျက်ရလွန်းလို့ပါ ...။

 

ငါ မင်းကို ချစ်နေဆဲပါပဲ
 
ဒါပေမဲ့
 
ငါ မျှော်လင့်ချက်မထားတော့ဘူး
 
ရင်ဘတ်တွေထိခိုက်နာကျင်ရတာ မကြည့်ရက်တော့လို့ပါ...။

 

မင်းနဲ့အတူ ဘဝကိုတည်ဆောက်ချင်စိတ်တွေ ရှိနေဆဲပါပဲ
 
ဒါပေမဲ့
 
ငါ အခိုင်အမာ ယုံကြည်မထားတော့ဘူး
 
မင်းရဲ့အနာဂတ်ထဲမှာ ငါ ရှိနိုင်မှာမဟုတ်လို့ပါ...။

 

မင်းရဲ့အပြုံးတွေကို တရှိုက်မတ်မတ် နမ်းချင်နေတုန်းပါပဲ
 
ဒါပေမဲ့
 
ငါ မတောင့်တ တော့ဘူး
 
ငါထက်သာတဲ့ဘဝထဲမှာ ဆက်ပီးပြုံးနေစေချင်လို့ပါ...။

 

ဖြတ်သန်းခဲ့ဖူးတဲ့ နေ့ညတွေကို သတိရမနေရင်လဲနေပါ
 
ဒါပေမဲ့
 
မေ့မပစ်လိုက်ပါနဲ့
 
ငါ ရူးသွပ်မသွားခင် အချိန်လေးအထိ မင်းကို စွဲလန်းနေချင်သေးလို့ပါ...။


                                                                     

သစ်ရွက်လင်း
26.03.2013  12:27 AM

" အပြာရောင်သတို့သမီး "




ငါ အထပ်ထပ်ညှိနေခဲ့ပါရက်နဲ့
 
အဲဒီကြိုးတွေက ဘာကြောင့် သံစဉ်မမှန်နိုင်ကြရတာလဲ
 
သံစုံညည်းဖို့ မလိုခဲ့တာတောင်
 
အော်ဟစ်သံတခုထဲနဲ့တင်
 
ကမ္ဘာမြေက ကွဲအက်ချင်နေသတဲ့လား
 

အပြာရောင်သတို့သမီးရေ
 
ငါ့ညထဲက တခမ်းတနားလက်ထပ်ပွဲက
 
အိပ်မက်အဖြစ်နဲ့ပဲ ဘိသိသ်သွန်းလိုက်ခဲ့ပြီထင်တယ်
 
လက်ခုပ်သံတသောသောက ငါအတွက်မဟုတ်ဘူးဆိုပဲ

အေးပေါ့လေ
 
ဒရွတ်တိုက်ဆွဲလာရဖန်များတော့
 
အဲဒီခံစားမှုတွေလဲ နာကျင်ပွန်းပဲ့နေလောက်ရောပေါ့
 
မင်းအတွက် ငါဟာ လိုအပ်ချက်မဟုတ်ပေမဲ့
 
ငါ့အတွက်တော့ မင်းဟာ ဆုလာဘ်တခုဖြစ်နေသေးတယ်
 
ဘာပဲဖြစ်ဖြစ်ပါ
 
မင်းမက်တဲ့အိပ်မက်တွေနဲ့ အဲဒီနေညိုရောင်မင်္ဂလာပွဲမှာ
 
မင်းပျော်ရွှင်စေဖို့ ငါ ဆန္ဒပြုခဲ့ပါတယ်။

 


သစ်ရွက်လင်း
25.03.2013

" မာန် "




အချိန်တွေ ရင့်ကျက်လာပါ့မလားဆိုပီး

အဲဒီကောင်းကင်တွေ လမ်းလျှောက်တာကို

ထိုင်ကြည့်ပြန်တော့လဲ

ချွေးတလုံးလုံးနဲ့ ပူလွန်းတာကလွဲလို့

ရင့်ကျက်ခြင်းဆီကို မရောက်နိုင်ပြန်ဘူး

တံခါးတွေ အကုန်ပိတ်လိုက်ကြတော့မှ

တလောကလုံးရဲ့ နောက်ဆုံးမှာ

ငါတယောက်ထဲကျန်ခဲ့မှန်း

သိလိုက်ရတယ် ...။

 

စိတ်တွေ နီးလာလိုက် ဝေးသွားလိုက်

မြင့်တက်လိုက် ပြန်နိမ့်ဆင်းသွားလိုက်နဲ့

မျက်ရည်တွေ အန်အန်ချနေရတဲ့ ကောင်မလေးရေ

မင်းကိုယ်စား ရင်ဘတ်တွေပန်းနေပေမဲ့

မင်းရှေ့မှာ ရပ်တည်ပေးနိုင်ဖို့

နောက်ဆုံးက ငါ မစွမ်းနိုင်ခဲ့ဘူး

အဲဒီတော့

ယုံကြည်ချက်ပျောက်သူတို့ ထုံးစံအတိုင်း

ဆုတောင်းပေးရုံရှိတာပေါ့

သာယာပါစေ ပျော်ပါစေပေါ့လေ ...။



သူများတွေ ဘယ်လိုမြင်တယ်မသိပေမဲ့

မိုးတွေညို့လာတိုင်း

အခါခါကြွေကျပေးနေရတဲ့ မိုးစက်လေးတွေကို

လောကဓံကို မလွန်နိုင်ကြသူတွေအဖြစ်

ငါ သနားမိတယ်

ငါကိုယ်တိုင်လဲ မိုးစက်ဘဝနဲ့

အကြိမ်ကြိမ် အသက်ရှင်ခဲ့ရတာပဲလေ

ရှိစေတော့ ထားလိုက်ပါတော့ ပေါ့

ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြတယ်ဆိုပေမဲ့

ကိုယ်ပိုင်ရွေးခွင့်မရတဲ့ ဘဝတွေ

သံသရာပြတိုက်ထဲမှာ အပြည့်ပဲဆိုတာ

ရင်ဘတ်တွေနဲ့ရင်းပြီးကြည့်ရင် မြင်နိုင်ကောင်းပါရဲ့

အိုကေ ကောင်မလေးရေ

စိတ်ညစ်စရာတွေ စိတ်ဓာတ်ကျစရာတွေ ကြုံလာတိုင်း

ရေတွက်လို့မရနိုင်တဲ့ ကိုယ့်ထက်ဆိုးတဲ့သူတွေကို သတိရလိုက်ပါ
 
Good Luck ပါ ကလေးရယ်။




 

" ထွက်ပေါက် "




အိပ်မက်တွေ မလွတ်လပ်တဲ့ကြားက

ညတွေချောင်ပိတ်ခံထားရတဲ့ ဘဝတခု

အလင်းရောင်မျှင်မျှင်လေး အဖြစ်နဲ့

ငါ့ဆီရောက်လာတယ်

ပိန်းပိတ်အောင် မှောင်နေတာ မဟုတ်ပေမဲ့

အလင်းလက်ဆုံး ကြယ်တပွင့်လဲ မဟုတ်ခဲ့ဘူး

သံစဉ်တိုင်းက ချိုမြိန်ခွင့်ရှိရင်

မင်းကို အသာယာဆုံးသံစဉ်တပုဒ်အဖြစ်

ငါ

ဖန်တီးပေးလိုက်ချင်ပါတယ် ...။



ချုံးချုံးကျအောင် ခုတ်မောင်းနေတာတောင်

အဲဒီဘဝရထားက ခရီးတွေ မရောက်နိုင်ကြသေးဘူးလေ

ငါ့ဘူတာရုံလေးရေ

အရိုးပြိုင်းပြိုင်း လမ်းဟောင်းလေးတွေနဲ့ပဲ

တသီးတသန့် ဖြစ်တည်ရဖို့

ဘဝက ငါ့ကို တရားစီရင်ပီးသားပဲ ထင်ပါရဲ့

ရောက်တတ်ရာရာ တွေးနေရင်းနဲ့

ရောက်တတ်ရာရာ ခံစားမှုတွေမှာပဲ စီးမျောလိုက်ပါရတာ

တခါတခါ လက်ပန်းကျချင်လာတယ်

ငါ့အတွက်လို့ ကူးခတ်နေမိရင်တောင်

ငါ့ဒုက္ခတွေ မင်းမြင်မိမှာ မဟုတ်ဘူး

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ

သံယောဇဉ်တွေ တစ်လှေလုံးပုတ်သိုးသွားကျတဲ့အခါ ဆိုရင်တော့
 
အဲဒီ"တက်"တွေလဲ ရေညှိတလုံးလုံး အဆင့်လောက်ကျန်ခဲ့ကြမှာပါ ...။





" အတွေး "



ကောင်မလေးရေ

နားလည်မှုဆိုတာ

ငါတို့ မကြာမကြာဖျော်သောက်ဖူးတဲ့ ကော်ဖီလိုပဲ

လက်စမတည့်ရင် တခါတခါ သိပ်ခါးတယ်

ဘဝခါးခါးတွေ ဖျော်သောက်မိသူတွေအတွက်ကျတော့

မျက်နှာတွေတောင် မဲ့ကြရသေးတယ် ...


ကဲ ပြောစမ်းပါအုံး

မင်းနားလည်ထားတဲ့ဘဝ မင်းနားလည်ထားတဲ့အချစ်

ငါနဲ့တစ်ထပ်ထဲကျနိုင်ပါ့မလား

နှုတ်ဆက်ဖို့ကြိုတွေးမထားပေမဲ့

တချိန်ချိန်မှာ လမ်းခွဲထွက်ခွါသွားရမယ်ဆိုတာ

မင်းရောငါရော သိနေကြတယ် ...


အခြေအနေတွေကို ဘယ်သူဖန်တီးခဲ့ကြတာလဲ မသေချာပေမဲ့

အတိတ်စိမ်းစိမ်းတွေ ညနက်လွန်းတော့

အိပ်မက်တွေက နာနာကျင်ကျင် အိပ်ရေးပျက်ရတယ်

ငါခက်ခက်ခဲခဲ ကူးခတ်နေရတဲ့ ပစ္စုပ္ပန်တွေကရော

မနက်ဖြန်အတွက် ခရီးဦးကြိုမပြုနိုင်ကြတော့ဘူးတဲ့လား

ရှိစေတော့

လှည့်ကြည့်လို့မှ ရေရေရာရာလင်းမပြနိုင်တဲ့ တဆုပ်စာဘဝက

မင်းဘဝအတွက် ရောင်ခြည်ဦးမဖြစ်နိုင်ဘူးလို့ ယုံကြည်ရင်

ကြုံရာအရပ်မှာပဲ ချွေးသိပ်ခဲ့ပါတော့ ...။


လောကရေ

တိတ်ဆိတ်ငြိမ်သက်တဲ့အရပ်မှာ

လွတ်လပ်ခြင်းအသီးအပွင့်တွေ ဖြစ်ထွန်းကြတယ်ဆိုရင်

ငါ့ဝိညာဉ်နဲ့ခန္ဓာကို အဲဒီအရပ်ဆီသယ်ဆောင်ပေးစမ်းပါကွယ်

ရေလိုက်ငါးလိုက်ဘဝထဲမှာ

သမရိုးကျစီးဆင်းမှုကို ငါခုံမင်နှစ်သက်မိလိုက်လို့ပါ

ကိုငှက်ကြီးသီချင်းလိုဆိုရင်တော့

"ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး" ပေါ့ ....။



" စိတ္တဇအနာဂတ် "

ငါ

အချစ်ဆိုတာမခံစားတတ်သေးခင်

မိန်းမတယောက်နဲ့ အချိန်တော်တော်ကြာကြာ

နီးနီးနေခဲ့ဘူးတယ်



ငါ

သိပ်ချစ်မိပါတယ်ဆိုတဲ့ မိန်းမတယောက်ကို

အချိန်ခဏအတွင်းမှာပဲ

ချစ်လွန်းလို့ ကျောခိုင်းပစ်လိုက်ရတယ်



ငါ

ငါကိုယ့်ငါပြန်ရှာနေရတဲ့အခုအချိန်မှာလဲ

"ငါ" လို့ထင်ထားတဲ့ လူတယောက်က

"ငါ"  မဟုတ်ပြန်ဘူး



ကောင်မလေးရေ

ဝေးကွာသွားခြင်းမှာ အတိမ်အနက်ရှိတယ်ဆိုရင်

အဲဒီချောက်က ငါ ပြန်မတက်နိုင်လောက်အောင်

နက်ခဲ့ပီလားပဲ



ရွေးချယ်မှုလား သတ်မှတ်မှုလား မသိပေမဲ့

မင်းလမ်းထဲမှာ မင်း "ရဲ" နိုင်ဖို့

မင်းလုပ်သမျှတွေမှန်တယ်လို့ ငါယုံကြည်ပါတယ်

ခွန်အားရှိရှိသာ ပျံသန်းသွားပါ



မင်းနင်းဖြတ်သွားမဲ့ လမ်းတွေမှာ

သတိရခြင်းတွေနဲ့ ယက်လုပ်ထားတဲ့ ငါ့အလွမ်းပန်းတခြင်း

လက်ဖွဲ့လိုက်ပါတယ်

မင်းခြေဖဝါးတွေ မြေမခရပါစေသား ....



အချစ် အနမ်း အလွမ်း အမုန်း

အားလုံးအဆုံးသတ်သွားမဲ့ တနေ့အထိရောက်အောင်သွားဖို့

အနာဂတ်တခုလုံး လေးလံနေရင်တောင်

ငါ့ကိုယ်ငါ ပေါ့ပါးပစ်လိုက်နိုင်ဖို့အတွက်

မင်းအပြုံးတွေနဲ့ ငါ သံစဉ်တပုဒ်ရေးပါအုံးမယ်



မျှော်လင့်ချက်ဆိုတဲ့ မနက်ဖြန်တွေဟာ

ငါ့အတွက် မှေးမှိန်ဝေဝါးနေကြပေမဲ့

မင်း ကြည်လင်ပြတ်သားပစ်လိုက်ပါ

"အဖြေ" ဆိုတာ ပွဲပြီးမှရတာ မဟုတ်မှန်း

ငါ့ရင်ဘတ်နဲ့ကမ္ဗည်းရေးလို့ သိခဲ့ပီးပီပဲ

မင်း ကြည်လင်ပြတ်သားပစ်လိုက်ပါ



အတူရှိချိန်တွေမှာ ကြည်နူးရသလို

အတူမရှိနိုင်တော့ချိန်တွေမှာလဲ မင်းစိတ်နဲ့ ကြည်နူးနိုင်ဖို့

ငါ့ မနက်ဖြန်တွေကို တိုင်ပင်ထားပီးပါပြီ

လုပ်နိုင် မလုပ်နိုင်ဆိုတာတော့ အချိန်ကပြောမှာပါ ကလေးရယ်



နောက်တနေ့လား နောက်တနှစ်လား နောက်တဘဝလား

ဆုံနိုင်ခွင့်ဆိုတဲ့ မှတ်တိုင်ရောက်ရင်တော့

မင်းရောငါရော ရပ်နေလျှက်တွေ့ရမယ်လို့ ငါ ယုံပါတယ်



Good Luck ပါ ချစ်ရယ်

ငါ့အသံတွေမကြားရတဲ့ အရပ်မှာလဲ

မင်းပြုံးပျော်နေနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်

မင်းကိုငါ ... သိပ် ... ချစ် ... တယ် ....။



" ခွဲခွါချိန် "




ချစ်ရေ

ငါ အခုဒီစာရေးနေတဲ့အချိန်ဆိုရင်

ဟိုး ... တိမ်တိုက်တွေကြားမှာ ငါနဲ့ဆန့်ကျင်ဘက် ကမ္ဘာတစ်ခြမ်းဆီကို 

မင်း . ပျံသန်းနေလောက်ရောပေါ့

နှုတ်ဆက်သွားတာမဟုတ်ပေမဲ့ ငါအမုန်းဆုံးခွဲခွါချိန်ပေါ့ 

ဘာပဲဖြစ်ဖြစ် ငါ ပြုံးနေလိုက်ပါတယ် ... ။

 

ယုံကြည်ချက်တွေ မျှော်မှန်းချက်တွေ စီးနင်းသွားရတဲ့ မင်းခရီး 

အစစအရာရာ အဆင်ပြေပါစေ

တနင့်တပိုးမက်ထားရတဲ့ အိပ်မက်တွေလဲ 

မကြာခင် အရောင်တောက်ပါစေကွာ

ငါလဲ 

ဒီအချိန်ကစပြီး ဘဝကို ခံယူချက်တစ်မျိုးနဲ့ လျှောက်လှမ်းပါတော့မယ်

ငါ့ကို သတိရတဲ့အခါ ဖုန်းဆက်ပါ 

မင်းကိုသိပ်လွမ်းလွန်းရင်တော့ မင်းဓာတ်ပုံလေးတွေနဲ့ အလွမ်းဖြေပါတော့မယ်



ငါတို့နှစ်ယောက် 

အကြိမ်ကြိမ်စကားတွေ ပြောခဲ့သလို အကြိမ်ကြိမ်နားလည်ဖို့ကြိုးစားကြတဲ့

နားမလည်ခြင်းတွေကိုလဲ မင်း ကိုယ့်ကိုယ်ကို ပြန်မေးပါ 

ပြီးရင် ငါ့ကိုပြောပြပါ

ဆုံမှတ်တခုလို့ ငါတို့သတ်မှတ်ထားတဲ့နေရာ ရောက်တဲ့တစ်နေ့ 

မင်းပြောသလို ဆန္ဒတွေသိပ်ပြင်းပြလွန်းလာတဲ့တနေ့ရောက်ရင်

မင်နဲ့ငါ အတူနေခွင့်ရမှာပါ 

ပျော်ပါစေ အချစ်ရယ်

ငါ့ရဲ့အချစ်တွေကြောင့် မင်းငြိမ်းချမ်းပါစေ 

ငါ့ရဲ့သတိရခြင်းတွေကြောင့် အချိန်တွေသာယာပါစေ ...။



Friday, 21 December 2012

' အရင်းနှီးဆုံးသူစိမ်းလေး '

အချစ်ရေ 

ငါတို့နှစ်ယောက်ဟာ သိပ်ကိုရင်းနှီးလွန်းတဲ့ သူစိမ်းတွေပါလို့ ငါပြောရင်

မင်းလဲ ငြင်းမှာ မဟုတ်ပါဘူး ...။



ငါတို့ဟာ သိပ်ချစ်ကြလွန်းတဲ့ ရန်သူတွေပါ

တယောက်ကိုတယောက် မမုန်းပေမဲ့

အတူတူရှိဖို့ခက်ခဲလှတဲ့ အနီးဆုံးသူတွေပေါ့

မေ့လို့မရတဲ့ အတိတ်တွေထဲမှာပဲ

မေ့ပစ်ဖို့ခက်လှတဲ့ ပုံတူရေးသူတွေဟာ ငါတို့ပါပဲ ...။



အရင်အတိုင်းပဲ နေပါ

အရင်တိုင်းပဲ လျှောက်ပါ

ဘဝက ခက်ခဲလွန်းလှတာမဟုတ်ပေမဲ့

မင်းအတွက်ရော ငါ့အတွက်ပါ မလွယ်ကူမှန်း သိထားကြလေတော့

ပျော်ပျော်ပဲ အသဲကွဲကြတာပေါ့လေ ..။



ကိုယ်ထင်ရာကိုယ်လုပ်တယ်ဆိုပေမဲ့

နာစရာတွေများလာတဲ့အခါ

အချိန်ကြာကြာမမိုက်မဲနိုင်တော့တာ လူ့သဘာဝလို့ ငါ ခံယူထားပါတယ် ..။



ပြီးခဲ့တာတွေရော မပြီးသေးတာတွေရော

ရောက်လာမှာတွေကိုရော လွယ်လွယ်နဲ့ပဲ မေ့ပစ်လိုက်ပါ

ငါ့ကိုမတွေ့ရတော့လို့

မင်း ထူးပြီးဝမ်းနည်းနေမှာမဟုတ်သလို

မင်းကိုမမြင်လို့

ငါလဲ ကြေကြေကွဲကွဲ လွမ်းမနေတော့ပါဘူး

ဘာလို့လဲဆိုတော့

ငါတို့နှစ်ယောက်ဟာ

ခံစားချက်စစ်စစ်တွေနဲ့ ဘုံဘဝတနေရာမှာ အတူတူရှိနေပြီးသားမို့ပါ ..။


" Big Bag ရဲ့ 'သူစိမ်း' သီချင်းလေးလိုပေါ့

တိုက်ဆိုင်တယ်ပဲ ပြောပြော

ဒီသီချင်းလေးကို ကျေးဇူးတင်ပါတယ်

ငါ့ကို ချစ်တတ်အောင် သင်ပေးခဲ့လို့

မင်းကိုလဲ ကျေးဇူးတင်ပါတယ် ...။


ကောင်းကောင်းအိပ်ပါ ချစ်ရယ်

မနက်မိုးလင်းလာလို့ မင်းလုပ်ချင်တဲ့ဆန္ဒတစ်ခုရှိခဲ့ရင်

ငါ့ကြောင့်မဟုတ်ပဲ လုပ်လိုက်ပါ ....။



ငါမပိုင်တဲ့သူစိမ်းလေးရေ

ငါ့အတွက်ဆိုပြီး သီးသန့်ပွင့်ဖူးတာမဟုတ်ပေမဲ့

အဲဒီအလင်းရောင်တွေကို

မင်းအမှတ်နဲ့ပဲ ငါ မြတ်နိုးပါတယ်

မင်းသွားချင်တဲ့နေရာသွား

မင်းလုပ်ချင်တဲ့အရာတွေကို လုပ်

မင်းရှိချင်တဲ့သူနဲ့ ရှိ

ငါဟာ မင်းအတွက်တော့အရင်တုန်းက ငါပါပဲ။



Tuesday, 23 October 2012

" ငါ့တို့လမ်း "





ကောင်မလေးရေ  ဒီတခါတော့

အဲဒီကောင်းကင်တွေကို

ငါ့ရင်ဘတ်နဲ့ အုံ့မှိုင်းပစ်လိုက်တာ

မိုးတွေအစား မျက်ရည်တွေပဲ ရွာရွာချတယ်

သံသရာတွေ ကောက်ကွေ့နေကြပါလျှက်နဲ့

ငါ့လမ်းထဲမှာ

ဘာကြောင့် ဘဝတွေ ဖြောင့်ဖြောင့်တန်းတန်း လွဲနေကြတာလဲ

မင်းကို လွမ်းရတာတေင် သံစဉ်တွေ မှား လို့ .....။

 
သမရိုးကျမဟုတ်တဲ့ အသားကျမှုတွေထဲမှာ

ဘဝက ရေနဲငါးလိုပဲ

အရမ်းအကျည်းမတန်ပေမဲ့

စုံမက်ချင်စရာကောင်းလောက်အောင်လဲ မလှပခဲ့လေတော့

အချစ်ဆိုတာ

ငါနဲ့မတည့်တဲ့အရပ်မှာပွင့်တဲ့ ပန်းတပွင့်ဖြစ်ရတယ်

နမ်းရှိုက်ခွင့်ကိုတောင် 

အတိတ်ကံက မသင့်မြတ်ခိုင်းဘူးလေ ...။

 

ဖြစ်ညှစ်ပီး ကြိုးစားကြည့်တာတောင်

ဆန္ဒနဲ့ မျက်နှာသစ်ကြဖို့

အဲဒီမနက်ခင်းနှစ်ခုက အချင်းချင်း လွဲလို့ကောင်းနေကြတုန်း ...။

 

" ရဲရင် မင်း ဖြစ်တယ်တဲ့ " 

တကယ်တမ်း သွေးစိမ်းရှင်ရှင်ထွက်ခဲ့ကြရတာ

စစ်သူကြီးတွေပါဆိုတာ လက်ခံရင်

စကားပုံတွေကိုသာ ပြောင်းပြန်လှန်လိုက်ကြပါတော့

ဟိုး    .............  ရှေ့ကကွင်းပြင်ထဲမှာ 

ရိုးရိုးသားသား ရွက်လွှင့်နေတဲ့ စပါးပင်လေးတွေက

သင်္ခါရတရားကို သင်ပြပေးပါလိမ့်မယ် ...။

 

ကောင်မလေးရေ

ရည်မှန်းချက်တွေ ထုပ်ပိုးထားရတဲ့ မင်းရင်ဘတ်

ခဏလောက်ဖြစ်ဖြစ် အိပ်တန်းတက်လိုက်ပါ

အာရုံဦးတွေ မချိုမြနိုင်သေးခင်အထိ

ငါတို့သက်ပျင်းတွေကို တူးခါးပစ်လိုက်ကြပါစို့ကွယ် ...။









" လမ်းခွဲအနမ်း "





ငါ့ရင်ကို ခပ်ပါးပါးလှီးမဲ့ ခြေလှမ်းတွေမှန်း သိပေမဲ့လဲ

မင်း နင်းဖြတ်သွားလိုက်ပါ ကလေးရယ်

လွမ်းရဲလို့ မဟုတ်ပေမဲ့  နောက်ဆုံးအနမ်းလေးနဲ့ပဲ

နှုတ်ဆက်လိုက်ပါရစေ

မျက်လုံးလေးတွေ မှိတ်ထားပေးပါကွယ် ...။

 " Kisssssssssssssssssssssssssssssssss "


မင်းပြောခဲ့သလို ငါ့ကို မုန်းပစ်လိုက်ချင်ပေမဲ့ မုန်းလို့မရသလို

ငါလဲ ပွေ့ဖက်ထားချင်ပေမဲ့ အလိုက်တသိပဲ ကျောခိုင်းပေးထားလိုက်ပါတယ်

စိတ်တွေချခင်းပြီး ဟိုးအဝေးကို ပျံသန်းသွားလိုက်ပါ။



ငါ့ဆီကနေ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားဖို့

ပြင်ဆင်နေတဲ့ မင်းရဲ့ခြေလှမ်းတိုင်းမှာ

ငါ့စိတ်ခံစားမှုတွေ ကပ်ငြိပါသွားခဲ့ရင်

လွှင့်မပစ်လိုက်ပါနဲ့ ကလေးရယ်

မင်းစိတ်နဲ့မပုပ်သိုးခင် အချိန်အထိ သိမ်းထားပေးပါ။


 " ကို နဲ့ ဆန့်ကျင်ဘက်ဆီကို ခဏလေးရွှေ့ကြည့်တာပါ

ကို့ကို စွန့်လွှတ်တာ မဟုတ်ပါဘူး ကို " ။


ဆွဲဆန့်ထားရတဲ့ အချိန်တွေကြောင့်

မင်းခြေလှမ်းတွေနှောင့်နှေးနေရတယ်ဆိုရင်

လွတ်လွတ်လပ်လပ်ပဲ ရုန်းထွက်သွားလိုက်ပါ

စိတ်ရှုပ်လာတဲ့အခါတိုင်း ဆေးလိပ်ဖွာတတ်တဲ့ ငါလဲ

နောက်ဆို ဆေးလိပ်တွေ သိပ်မသောက်တော့ပါဘူး

မင်း စိတ်ပူမနေပါနဲ့

မင်းကိုလွမ်းရတဲ့ အလွမ်းတွေ ရှိုက်ဖွာနေရင်းနဲ့ပဲ

ငါ့ညတွေကို မှိုင်းတိုက်ကြည့်ရုံလောက်တော့ လုပ်ဖြစ်မယ်ထင်တယ်။


မင်းပြောတဲ့ "တစ်နေ့" ရောက်ရင်သာ

ငါ့ရင်ခွင်ဆီ ပြန်လာခဲ့ပါ

မင်းသွားချင်တဲ့နေရာမှာ

ငါတို့ဘဝတွေ အထိန်းကွပ်မဲ့ ပျံသန်းကြတာပေါ့

မနေနိုင်မထိုင်နိုင်လွမ်းလွန်းလာရင်တော့

ငါ ဖုန်းဆက်လိုက်ပါမယ်

မင်းရောက်နေတဲ့ ကမ္ဘာတဖက်ခြမ်းကနေပဲ

ငါ့ကို ဖွဖွလေးနမ်းလိုက်ပါ ကလေးရယ်။


မျက်လုံးလေးတွေမှိတ်ထားပေးပါ ကလေးရယ်

နောက်ဆုံးအနမ်းနေနဲ့ မင်းနှုတ်ခမ်းလေးတွေ

နွေးထွေးသွားပါစေအုံး

" Kissssssssssssssssssssssssssssssss " ။
 
 
 
 
 
 

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။