Monday, 24 September 2012

" ယစ်မူးတစ္ဆေ "





ငါ့ရင်ထဲစီးဆင်းသွားတဲ့

အလွမ်းပူပူတစ်ခွက်က


ငါ့အသိဥာဏ်တွေ ဝေဝါးဖို့


လုံလောက်ခဲ့တယ်


ရှေ့ကလမ်းမီးတိုင်တချို့တောင်


ကခြေသည်တယောက်ရဲ့ ခြေလှမ်းတွေနဲ့


စည်းချက်ညီစွာ


တစ်ခွက်ပြီးတစ်ခွက် ကလို့ .....


တိတ်ဆိတ်လွန်းတဲ့ အဲဒီညထဲ


လမ်းမတွေက လမ်းသွယ်တွေကြား


ငိုက်မြည်းတယ်


အိပ်မက်တွေက


သတိရခြင်းပင်လယ်မှာ ရွက်လွှင့်တယ်


သစ်ပင်တွေက ကျေးငှက်တို့ရင်ခွင်မှာ


ကြည်နူးနေတာများ


တခါတခါ သစ်ရွက်စကားသံတွေတောင်


ကြားရသေး .....


ချစ်သူရေ


ဒီတစ်ညတော့ တိုးတိုးလေပဲ နမ်းခဲ့ပါရစေကွယ်


ရှေ့ကမြို့လေးအိပ်မောကျနေလို့ပါ .....။ 


(၂၀၁၀ ကရေးဖြစ်တဲ့ကဗျာလေးပါ )









" အဖော် "




အိပ်မက်တွေကို

အကောင်အထည်ဖေါ်ဖို့

ငါတို့

လက်တွေ့ဘဝထဲကို ခုန်ဆင်းခဲ့တယ်

တွဲထားတဲ့ ဒို့လက်အစုံ

သံသရာအဆုံးထိမြဲစေပေါ့…..။


ကြမ်းတမ်းတဲ့လောကဓံ ဆူးခလုတ်တွေဟာလဲ

ငါတို့ဖဝါးအောက်က မြူမှုံတစ်စလောက်ပဲရှိတာပါ

တစ်ယောက်ရဲ့အပြစ်ကို တစ်ယောက်ကခွင့်လွှတ်လို့

ငါတို့ဟာ

လက်တွဲဖော်ကောင်းတွေ

ဖြစ်တန်ကောင်းရဲ့….။


ချစ်သူ

မင်းရဲ့ချစ်ခြင်းတရားနဲ့ ငါ့ဥယျာဉ်မှာ

ပန်းတွေပွင့်မယ်…..။


( ၂၀၀၇ အမှတ်တရ)





" ရင်ခွင်ပြတိုက် "




ကောင်မလေးရေ

တစ်ချိန်တုံးကပေါ့ အချစ်ဆိုတာမသိ


လှပခြင်းတွေမရှိတဲ့ ငါ့ဘဝမှာ


ဓနဆိုတာတွေလဲနတ္ထိပါ  …..
 
နောက်ပြီး

မိုက်မဲခြင်းကိုမိတ်ဖွဲ့ စိတ်ပျက်မိတဲ့အချိန်အားလုံးကို


အိမ်အပြင်မောင်းထုတ်ပြီး


လမ်းပေါ်မှာသဝေထိုးတတ်တဲ့


တေလေဂျပိုးတစ်ယောက်လဲ ဖြစ်ဖူးပါတယ်….။

 

မင်းနဲ့တွေ့မိတဲ့အခုအချိန်မှာတော့

ရှိသမျှအချိန်တွေကိုကြိုးတုပ်


လှုပ်မရအောင်ခြေထောက်နဲ့နင်းပြီး


မင်းဘေးနားမှာထာဝရရှိနေချင်တာ


ဘာကြောင့်လဲကွယ်….။

 

ကာရံမဲ့တမ်းချင်းအသစ်တွေနဲ့

အပြင်းစားဝေဒနာတွေကိုစုတ်ခြစ်လို့


နှလုံးသားမှာပုံရိပ်ထင်


အလွမ်းဆိုတာဖြစ်ကြသတဲ့လား…။

 

အခုတော့

ကြေကွဲခြင်းငါ့ရင်ခွင်ပြတိုက်မှာ


ဒဏ်ရာတွေနဲ့သွန်းလောင်းထားတဲ့


မင်းပေးတဲ့အဲဒီအလွမ်းတွေကိုထုဆစ်


အချစ်ဆိုတဲ့ရုပ်ကြွင်းတစ်ခု


သက်ဝင်လှုပ်ရှားနေလေရဲ့……………..။ 


( 2002 ခုနှစ်က ရေးဖြစ်တဲ့ ကဗျာဟောင်းလေးပါ )




 




" ရင်ကွဲအလွမ်း "




♥♥ တိတ်တိတကလေးဆိုပေမဲ့

အလွမ်းကောင်းကင်တစ်ခုလုံး


ငါ့ရင်ထဲ ပြိုဆင်းခဲ့တာပါ…


♥♥ ခံနိုင်ရည်တွေ ပျောက်ရှ


ရင်တစ်ခွင်လုံးဗြောင်းဆန်လို့


ငါဟာ


အမှောင်ထဲက မျက်ကန်းတစ်ယောက်ပေါ့ …….


♥♥ အမေရေ


အဲဒီတံခါးတွေ လော့ခ်ချပေးပါ


ကျွန်တော်အိပ်တော့မယ်……။


♥♥ သစ်နိုင်ပါဦးမလား


အဲဒီအာရုဏ်ဦးတွေ


ရင်ခွင်ဗလာနဲ့ ငါ့အတွက်တော့


အရာရာတိုင်းဟာ


အလွမ်းရောင်သမ်းနေမှာပါပဲ……


♥♥ ငါ့အခန်းထဲက ပြေးထွက်သွားကြတဲ့


အဲဒီမီးခိုးငွေ့တွေကိုငေးရင်း


တစ်လိပ်ပြီး တစ်လိပ်


တစ်ရှိုက်ပြီး တစ်ရှိုက်


ပြူတင်းပေါက်က အလင်းရောင်တွေ


ငါ့ကိုလာနှုတ်ဆက်တော့မှ


ငါ ပစ္စုပ္ပန်ဘဝထဲပြန်ရောက်ခဲ့တယ်….


♥♥ အင်း…..အမေရေ


ဒီတစ်ညလဲ ကျွန်တော်မအိပ်ဖြစ်ပြန်ဘူး…………..။ 





" အားမာန် "




ချစ်သူ 

ငါတို့ကပြဖျော်ဖြေနေတဲ့ ဒီဘဝဇာတ်ခုံပေါ်မှာ

ငါဟာမင်းသားဆိုရင် မင်းကလဲမင်းသမီးပါပဲ….

တစ်ခါတစ်လေ ငိုရမယ်    တစ်ခါတစ်လေ ရယ်ရမယ်

တစ်ခါတစ်လေ စိတ်ညစ်ရမယ်   တစ်ခါတစ်လေ

ပျော်ရွှင်းခြင်းတွေကိုစားသုံးမယ်….

တစ်ယောက်လဲကျရင်    တစ်ယောက်ကဖေးထူလို့

ငါတို့ဟာ

တစ်လှေထဲသွားခရီးသည်တွေပေါ့…

လာကြစမ်းပါ

လောကဓံရဲ့စိန်ခေါ်မှုတွေ

ငါ့ချစ်ခြင်းတရားနဲ့တွန်းလှန်ရင်း

အဲဒီဒုက္ခပင်လယ်ကို

ယုံကြည်ချက်တွေနဲ့ ရွက်လွှင့်မယ်…..

ချစ်သူ
 
လိုက်ရဲပါ့မလား

ငါတို့ရဲ့မျှော်လင့်ချက်တွေပြီးပြည့်စုံဖို့

ဆူးတောင်တွေကို ကျော်ချင်ကျော်ရမယ်

ကံကြမ္မာရဲ့ထိုးနှက်ချက်တွေအောက်မှာလဲ

အလဲအကွဲကျရှုံးနိုင်သေးတယ်…..။

ဘာပဲဖြစ်ဖြစ်

ငါတို့ရဲ့ချစ်ခြင်းတရားကို

ယုံကြည်ကြိုးစားမှုတွေနဲ့ပေါင်းစပ်ပြီး

ငါတို့ရဲ့ပန်းတိုင်ကို အရောက်လှမ်းကြမယ်……။

(၂၀၀၇ အမှတ်တရများ) 





" ကျွန်တော် "





တခါတခါ နေ့ခင်းကြောင်တောင်
 
ကျွန်တော်တို့ အိပ်မက်တွေမက်ကြရသည်
 
တခါတခါ ညမှောင်မှောင်မှာလဲ
 
တလောကလုံး လင်းကြရပါသည်။

 

စိတ်ဆိုတာ ပြတင်းတချပ်တဲ့
 
သေချာဖွင့်ကြည့်ပြန်တော့လဲ
 
ပြေးလွှားနေတဲ့အရိပ်တွေကလွဲရင်
 
ကျနော်ဘာမှမတွေ့ရပါ။

 

ကျနော်သည် အခြားသူများရဲ့
 
မြင်ကွင်းတခုမျှသာဖြစ်ပါသည်။

 

အိပ်မက်တွေကျဲဖြန့်ထားတဲ့ အနာဂတ်တခု
 
ခံစာမှုတွေထုပ်ပိုးထားတဲ့ ရင်တစ်စုံ
 
ကိုယ့်အယူအဆနဲ့ကိုယ် နေတတ်ရမယ်ဆိုတဲ့
 
အတွေးအခေါ်ခပ်သေးသေးလေးကလွဲရင်
 
ကျနော့်တွင် ဘာမှမပိုင်ဆိုင်ပါ။

 

မသိသေးတာတွေသိဖို့
 
လူတွေကြားထဲမှာ လူတွေလိုမနေတတ်ဖို့
 
ကျွန်တော် တော်တော်ကြိုးစားရပါအုံးမည်။

 

ခင်ဗျားတို့စကားတွေကို နားလည်တတ်ဖို့
 
ကိုယ့်ကိုယ်ကိုမမြင်နိုင်တဲ့နေရာအထိ ရောက်အောင်သွားဖို့
 
အရူးတယောက်ရဲ့ တွေးခေါ်မှုမျိုးတွေကိုရဖို့
 
ကျနော် တော်တော်ကြီးကို လုပ်ယူရပါအုံးမည်။








Friday, 21 September 2012

" အိမွန်သို့စာတစ်စောင် "





ခရီးတွေ တသော့သော့နှင်နေပေမဲ့
 
တခါရွှေ့ရင် ခြေတလှမ်းစာပဲ ရွေ့တယ်
 
အလွမ်းတွေ ခဏခဏပွင့်ဖူးတာကျတော့
 
ဘာ့ကြောင့် အချိန်တိုင်းဖြစ်နေရတာလဲ ...

 

နင့်ကိုလွမ်းရင် အိမ်ရှေ့လမ်းမပေါ်
 
ကောင်းကင်တွေ ကြွေကြွေကျတယ်
 
တော်ပီ စမ်းတဝါးဝါး မမက်တော့ဘူး
 
အဲဒီ အိပ်မက်တွေ ရာသီစာဖြစ်နေတာကိုက
 
ငါတို့ မိုးတွေခေါင်နေကြရတာ...

 

တကိုယ်ရေစာ ကြပ်တည်းမှုက
 
မင်းရင်ကို ရောင်ပြန်ဟပ်စေတယ်ဆိုရင်
 
ဟိုးးးး ခပ်ဝေးဝးမှာ ငါ့ဂစ်တာအိုလေး ထားခဲ့မယ်
 
ငါ့ကိုသတိရတဲ့အခါ သီချင်းတွေဆိုညည်းပေါ့ ....

 

ညနေတွေ ဖရိုဖရဲ အိပ်တန်းတက်ကြပြန်အုံးမယ် အိမွန်ရေ
 
နင့်ကိုချစ်ရတဲ့ ပုံပြင်တွေ ရှည်လျားလွန်းလို့
 
ငါ့ ပြတင်းတံခါးတွေကို စကားသင်ပေးနေတယ်
 
ငါကတော့ ကောင်းကင်တခွက်စာလောက်
 
ကြိတ်မှိတ်မျိုချရင်း
 
နင်ဖန်ဆင်းတဲ့ ညထဲ ခဏလောက် ပျော်ဝင်လိုက်အုံးမယ် ..။







Sunday, 16 September 2012

" သူငယ်ချင်းသို့ဖွင့်ဟခြင်း "




တိုးလို့တွဲလောင်း သက်ပျင်းတွေနဲ့ပဲ

ငါ့ ညတွေ

နောက်ဆံတင်းခဲ့ရပေါင်းများပြီ မိမှို ...။


" အချစ် " ဆိုတာကို 

နင် ဘယ်လိုနားလည်လဲတော့ မသိဘူး

ငါ့မှာတော့

သူ့ကိုတမ်းတရတဲ့ ဇာတ်တွေက

ဘယ်အိပ်မက်မှာမှ

ဇာတ်သိမ်းခန်း မရောက်ခဲ့ဘူးလေ ...။


ချစ်သူရှေ့မှာ ကျပြလို့ မဖြစ်တဲ့ မျက်ရည်တွေကို 

သူငယ်ချင်းရဲ့ ပခုံးထက်မှာ စွန်းထင်းခွင့် ရှိတယ်ဆိုရင်

ငါ့ကို

ဖြည်းဖြည်းလေး ဖက်ထားစမ်းပါဟာ

နင့် ရင်ခွင်ထဲမှာပဲ  .....  ငါ   

ရိုးရိုးသားသား ငိုကြွေးပစ်လိုက်ချင်လို့ပါ .....။


သူ့ဘာသာနေသားကျနေတဲ့ ညတွေက

ငါ့ကြောင့်ပဲ ပိုမှောင်လာသလားတော့ မသိဘူး

ငါ့   အခန်းထဲမှာ

ကောင်းကင်တွေကိုက .... မဲ လို့ ...။


 " ပျော်အောင် အိပ်ပါ " တဲ့

ဘဝကိုက မနူးညံ့တဲ့အခါ

ညတွေလဲ မလတ်ဆတ်ဘူး မိမှိုရေ

ရင်ဘတ်တွေကို ချခင်းကြည့်တော့

ခံစားမှုတွေက   ပုတ်သိုးနေတယ်

ဒီလိုနဲ့ပဲ

အနံ့တထောင်းထောင်း အလွမ်းတွေက

သူ ရှိရာအရပ်ကိုပဲ ဦးတည်နေပြန်သေးတယ်

ဟဟဟ ... လို့တောင် မရယ်နိုင်တော့ဘူးဟာ .....။ 


မိမှိုရေ

" အချစ် " ဆိုတာကို ခံစားနိုင်လို့

ငါ့ရင်ဘတ်ကို နင် မြင်သေးတယ်ဆိုရင်

သူ့ကိုတွေ့တဲ့အခါ ပြောလိုက်ပါ 

အချိန်ရောက်လို့ လမ်းခွဲခဲ့မယ် ဆိုရင်တောင်

ပြုံးပြုံးလေးပဲ ငါ နေခဲ့ပါ့မယ်

ဒါပေမဲ့

" နှလုံးသားကြားက ခိုးကြည့်ခွင့်လေးတော့ ချန်ထားပေးခဲ့ပါ " လို့ ...။








Saturday, 15 September 2012

" သေတမ်းစာ "




အချစ်ရေ

ဘဝခါးခါးတွေကို သောက်သုံးမိတဲ့အခါ

ရင်ဘတ်တွေက ငရုပ်ကောင်းလို ဖြစ်ရတယ်

ပူလဲပူတယ် စပ်လဲစပ်တယ် ....


အိပ်မက်တွေ အခြောက်တိုက်နေပူနေမှာစိုးလို့

ငါ့ကို ထီးတလက်လောက် ပေးစမ်းပါ

မင်းရင်ခွင်ရိပ်တွေ ထိုးကျမလာခင်

လောကကို       ငါ

ခပ်ပါးပါးလေး ဖုံးအုပ်ပေးထားချင်လို့ ....

 ရိုးရိုးသားသား လွမ်းလို့ ရပါလျှက်နဲ့

ငါကလဲ ရေခဲစိမ်ခံစားမှုကိုမှ နှစ်သက်မိရတယ်လို့

ဆိုးလိုက်တဲ့ ဘဝ .....


ကဲ အချစ်ရေ

မသေချာခြင်းတွေကို သေချာအောင်လုပ်ဖို့လောက်အထိ

ငါတို့ မရူးကြသေးမဲ့အတူတူ

ကောင်းကင်းတွေအကြောင်း ကျေးငှက်တွေကို ပြောပြမနေပါတော့နဲ့

စမ်းချောင်းတွေရဲ့ စီးဆင်းရတဲ့ဒုက္ခကို

မြစ်တွေမှ မသိပဲလေ

ပင်လယ်လဲ မငိုလောက်ပါဘူး ..


ရိုးရိုးလေးတွေးရင်းနဲ့

အလွမ်းတွေအကြောင်း စာရေးဖြစ်တဲ့အခါ

ငါ့ဂစ်တာက သီချင်းဆိုတယ် ....


လမ်းဆုံးရောက်တဲ့အခါ

မင်းလှည့်ကြည့်လို့မှ ငါ့ကိုမတွေ့တော့ရင်

အဲဒီသီချင်းသံတွေ အလိုလိုသေဆုံးသွားကြလိမ့်မယ်

မငိုကြွေးပဲ ဆက်လျှောက်သွားလိုက်ပါ

ရှေ့မှာ

မင်းအတွက် လောကနိဗ္ဗာန်ရှိတယ်
ပျော် .. ပါ .. စေ.. အချစ်ရယ်...။

" သူရူးမှတ်တမ်း "




ဂစ်တာနံပါတ်တစ်ကြိုး ပြတ်တောက်သွားသလိုမျိုး

အသံသာမြည်တယ် စူးရှမှုမရှိတော့သော နှလုံးသားတစ်ခုအကြောင်း

သင့်ခေါင်းထဲမှာ ရှိနေဖို့ မလိုတော့ပါဘူး


တန်ဖိုးဆိုတာ

မိန်းမတစ်ယောက်အတွက် အပျိုစင်ဘဝတဲ့

ကဗျာဆရာတစ်ယောက်အတွက် ကာရံနဲ့ သံစဉ်တွေ

ပန်းချီဆရာတစ်ယောက်အတွက် မျဉ်းတွေ အရောင်တွေ စုတ်ချက်တွေ

ကလေးတစ်ယောက်အတွက် ကျောင်းပညာ

ဆရာဝန်တစ်ယောက်အတွက် ဘွဲ့လက်မှတ်တွေ

လမ်းဘေးက လူတစ်ယောက်အတွက် နေစရာအိမ်တစ်လုံး

စစ်တပ်အတွက် အာဏာနဲ့လက်နက်

သီချင်းရေးဆရာအတွက် နှလုံးသားရဲ့ ဒဏ်ချက်တွေ

ထောင်ကျနေသူအတွက် လွတ်လပ်မှု

အရူးတစ်ယောက်အတွက် ခေါင်းထက်က ပန်းတစ်ပွင့်

ပွဲစားတစ်ယောက်အတွက် ပါးစပ်ထဲက လေ

နေပူထဲကလူအတွက် ထီးတစ်လက်

ဆင်းရဲသားတစ်ယောက်အတွက် ငွေးကြေးအမြတ်

အဲဒီလို အမြင်တွေ မတူတတ်တာ သင်သိပါသလား

သင်မသိဘူးလား

စကားတွေဟာ လမ်းကြောင်း မှားလာတယ်

သူပြောတာ ကိုယ်နားမလည်

ကိုယ်ပြောတာ သူနားမလည်

နားမလည်နိုင်တာ ပြဿနာတွေရဲ့ ဇစ်မြစ်

ကျွန်တော်တို့ စိတ်တွေညစ်ကြရတယ်

ဒီလိုပါမိတ်ဆွေ

ကျေးဇူးပြုပြီး

အချစ်ဆိုတဲ့ စကားလုံးသက်သက် နှစ်လုံးအတွက်

တန်ဖိုးတွေကို ရောယှက်မပစ်လိုက်ကြပါနဲ့။


(ကျနော်ကိုယ်တိုင်းရေးမဟုတ်ပါ။ သူငယ်ချင်းမလေးတယောက်ရဲ့ကဗျာကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။)






လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။