Thursday, 19 March 2015

**** စိတ်ဆိုင် (သို့) ကြယ်မပျိုးတတ်သူ ***




ဟိုဘက်လမ်းထိပ်က သီချင်းဆိုင်မှာ
သီချင်းက
ညဥ့်ငှက်တွေကို ပြန်ပြီးဆိုတယ်

ပင်လယ်ပျော်တွေက
စိတ်လိုလက်ရ လက်ခုပ်တီးတယ်

စားပွဲဝိုင်းကြီးကြီးမားမာတွေက
ခပ်သေးသေးဖန်းခွက်တွေထဲမှာ
အချိုးကျကျ စီးမျောကခုန်

ဖြတ်ကနဲ သူတို့အကြည့်တွေမှာ
အိပ်မက်တွေ သိပ်ကို ပါးပါးလွှလွှ

ကျနော်ဟာ
ကောင်းကင်သာရှိပြီး
ကြယ်စုံမပျိုးတတ်ခဲ့သူပါ ...။

ညကြောင့်မီးတွေလင်းကြတာလား
မီးကြောင့် ညတွေလင်းရတာလား
သေချာတာတော့
သူတို့ရဲ့ မနက်စောစောတွေအကုန်လုံး
ညထဲ တရွေ့ရွေ့တိုးဝင်ပျောက်ကွယ်
ကျနော်တို့လမ်းလေးမှာ
ရင်ခုန်သံတွေ တပွေ့တပိုက်နဲ့

ကျနော်ဟာ
ကောင်းကင်သာရှိပြီး
ကြယ်စုံမပျိုးတတ်ခဲ့သူပါ ...။

စိတ်တွေရင်းလို့ စိတ်တွေလျော်ပေးကြတာတဲ့
ကျနော့်စိတ်နဲ့ ရွက်လွှင့်သွားတဲ့ပင်လယ်
အခုအချိန်အထိ ကမ်းပြန်မကပ်နိုင်သေးတာ
ကျနော်ကိုယ်တိုင်
အလျော်အစားမှားခဲ့တာလား

အဲလိုနဲ့ပဲ

ကျနော်ဟာ
ကောင်းကင်သာရှိပြီး
ကြယ်စုံမပျိုးတတ်ခဲ့သူပါ ...။

************* ရာသီလွဲကံကြမ္မာ ***********



စေးပျစ်ပျစ် လွဲချော်မှုတွေက
ရင်ဘတ်ကိုဖြတ်ပြီး
တစ်ဘဝလုံးခြုံလို့ စီးတယ်
တစ်ခါတစ်ခါ ချိုသလိုလို
တစ်ခါတစ်ခါ ခါးသယောင်ယောင်
ဘဝက
ရာသီမညီတဲ့ ပန်းတစ်ပွင့်လိုပါပဲ

အိပ်ယာထမှ အိပ်မက်မက်ဖို့ ကြိုးစားကြသူတွေ
ဘဝကို ဘဝနဲ့မျှားကြသူတွေ
အချင်းချင်းတိုးရင်း ကြိတ်ရင်း
ကျနော်နေတဲ့ မြို့လေးလဲ
တဖြည်းဖြည်း အသက်တွေကြီးလာပြီ အမေ

သူများတွေချရောင်းတဲ့ အယောင်ဆောင်မှုတွေကြားမှာ
ကျနော့စကားလုံးတွေလဲ မျက်နှာများတတ်ခဲ့ရပြီ
အဲလိုနဲ့ပဲ
သဘာဝအလိုက်ရှင်သန်ရှင်း
ကျနော် ကြီးရာက ငယ်လာခဲ့ရတယ် အမေ

စိတ်နဲ့စားသုံးတာတောင်
ဘဝက ခဏခဏ အဆိပ်သင့်နေရတာ
ကျနော့ကို ကံကြမ္မာနဲ့မတည့်တဲ့အရပ်မှာများမွေးခဲ့မိသလား အမေ ...။

+++ ကိုယ်ပိုင်အလွဲ +++


ကိုယ့်ကိုယ်ကို ရေလောင်းပေါင်းသင်ခဲ့တာပါပဲ
ဒါပေမဲ့
အဆင်မပြေမှုတွေသာ ကြီးထွားလာကြတယ်
အသိတွေက ပွင့်ဖတ်ဖြစ်မလာကြဘူး ...

ရိတ်သိမ်းသိုလှောင်ခံထားရတဲ့
စိတ်ချမ်းမြေ့မှုတွေလဲ
ဘယ်အချိန်ကျမှ စိမ်းလန်းနိုင်ကြမယ်မသိသေး
အခုအချိန်အထိတော့ ကံကြမ္မာက မီးနီပြနေတုန်းပဲ ...

လောကမှာ
ငါရယ် အခြားသူရယ် ဆိုပြီး
နှစ်ယောက်ထဲ ရှိတာတောင်
ငါနဲ့ငါက
အခုအထိ သဟဇာတ မဖြစ်နိုင်သေးဘူး
လေတယ် ...

ရောက်တတ်ရာရာ (၂)

ဘ၀တွေ အခိုးအငွေ့အဖြစ်နဲ့
ပျောက်ကွယ်သွားကြရင် ကောင်းမယ်
တခါတခါ လောကက
ငါ့အတွက်မှ ရွေးပြီး မှောင်နေသလိုပဲ
ကြည့်လေ ကြည့်လေ
လမ်းတွေမမြင်ရတော့လေ
ကြိုးစားပမ်းစား ရှိုက်သွင်းမိတဲ့ အသက်ရှူခြင်းတွေတောင်
အပုတ်အသိုးအဖြစ်နဲ့
ဘ၀ကို လည်ပတ်စေတယ်
စိတ်ကုန်တယ် ....။

*** ကိုယ်ပိုင်ကမ္ဘာ ***

ထမ်းထားရတာ လေးလွန်းလာလို့
ပခုံးထက်ကအထုပ်ကို ဖြည်ကြည့်တော့
အတိတ်က တင်ထားခဲ့တဲ့ သမိုင်းကြွေးတွေ ....

စိတ်လွတ်ကိုယ်လွတ် လောကကို ငေးကြည့်နေတုန်း
ကဗျာတွေ ပျံတက်သွားလိုက်
ပြိုဆင်းကျလာလိုက်နဲ့
အစုလိုက်အပြုံလိုက် ခံစားနေကြတဲ့ ဒီကောင်းကင်ထဲမှာ
ကျနော်ကတော့ ကိုယ့်ကိုယ်ကို ရေးခြစ်ပြဖို့
ဘာသာစကားတခုကို ရှာဖွေနေရတုန်း ....

အရောင်အသွေး ... တဲ့
အသွင်အပြင် ........ တဲ့
ဂုဏ်ပကာသန ...... တဲ့
ဆေးရောင်စုံတွေ ရက်ရက်စက်စက်လှတဲ့
ဒီဘက်ခေတ်လောကမှာ
ကျနော်ဟာ
ဇနပုဒ်က ပါးကွက်ကျား တကွက်ပါ .....

ကျနော့်မှာ ကျေးငှက်တွေ နားလည်တဲ့
သင်္ခါရတွေ ရှိတယ်
ကျနော့်မှာ မြူနှင်းတွေ မမြင်လိုက်ရတဲ့
ဖြူစင်ခြင်းတွေ ရှိတယ်
ကျနော့မှာ ခင်ဗျားတို့တယောက်မှ မသိတဲ့
ကိုယ်ပိုင် အိပ်မက်တွေရှိတယ်
ကျနော့စိတ်ကူးသံစဉ်တွေနဲ့ ဖွဲ့တည်ထားတဲ့
ကျနော့ကမ္ဘာဟာ
ခင်ဗျားတို့ မမြင်ဖူးလောက်ကို လှတယ်ဆိုရင်
ခင်ဗျားတို့ ငြင်းရဲလား .....။

ရောက်တတ်ရာရာ (၁)

အတွေးတွေ သပ်သပ်ရပ်ရပ်ပါပဲ
ဒါပေမဲ့
အိပ်မက်တွေသာ ကစဥ့်ကလျား ဖြစ်ခဲ့ရတာ
အစီအစဉ်တကျရေးဆွဲထားတာတောင်
မနက်ခင်းတွေက အစုလိုက်အပုံလိုက်
လွဲမှားကြသေးတယ်
ဘာပဲဖြစ်ဖြစ်လေ
ငါ့ကိုယ်ငါ ပြန်မြင်တဲ့တနေ့
လောကကလဲ ငါ့ကို မြင်ပါလိမ့်မယ်
အေးဆေးပေါ့ .....။

သဲညှာ

သတိရမိတယ် သဲညှာ
ရင်ခွင်အဟောင်းနဲ့
ရင်ခုန်သံ အပုတ်အသိုးတွေနဲ့
မပီမသ တွေ့ဆုံမှုတွေနဲ့
ဟိုတချိန်တုန်းက မင်းကို
ခပ်ဝေးဝေးကနေ ငါ တခါတခါ သတိရနေမိသေးတယ် သဲညှာရေ .....။

*** April တမ်းခြင်း ***

အေပရယ်ရေ
အရင်တုန်းကတော့
အဝါရောင်ကိုယ်သင်းရနံ့တွေနဲ့
ငါ့ရင်ကို ရွှဲရွှဲနစ်အောင် ငါ ချစ်ခဲ့ဖူးပါတယ်
ရစ်မူးခြင်း ပျော်ရွှင်ခြင်း ကျေနပ်ခြင်းတွေနဲ့
ငါ့ကို စိုးမိုးလွန်းသူက မင်းပဲပေါ့ ...

ခုတော့
တဖြည်းဖြည်းနဲ့ အရောင်တွေမှိန်လို့
မင်းလဲ
တစ်နှစ်ထက်တစ်နှစ် ရနံ့တွေ နွမ်းနွမ်းလာတယ်
အရင်တုန်းက ငါ ရင်ခုန်ခဲ့ဖူးတဲ့ မင်းအလှတွေက
ရစ်မူးဖောက်ပြန်တတ်တဲ့ ငါတို့ရဲ့ အခြားတဖက်ကမ္ဘာအသွင် ဆောင်လာတယ်
ဝမ်းသာရမလား ဝမ်းနည်းရမလား မသေချာပေမဲ့
သေချာတာတခုက ငါ့ရင်နဲ့ မင်းနဲ့ တဖြည်းဖြည်းဝေးခဲ့တယ် အေပရယ် ...

အရင်လို ကြည်နူးဆွတ်ပျံ့ဖွယ်နေပေးပါ အေပရယ်
အရင်လို သာယာငြိမ့်ညောင်းဖွယ်တေးသံတွေနဲ့ ငါ့ရင်ကို အေးမြစေပါ အေပရယ်
အရင်လို သပ်သပ်ရပ်ရပ် ရွှဲနစ်ခြင်းတွေနဲ့ ငါ ခိုက်ခိုက်တုန်ချင်နေသေးတယ် အေပရယ်

ဒါပေမဲ့ကွယ် .........

ဒီတနှစ်လဲ မင်းနဲ့ရင်မဆိုင်ချင်သေးလို့
ငါ အခန်းတံခါးပိတ် အိပ်တော့မယ်
Good Bye April ........

### ညဥ့်နက်သီချင်း ###


အထီးကျန်ခြင်းတွေ အန်အန်ချနေတဲ့ အဲဒီညနေခင်း
ငါ့အခန်းထဲကကို မထွက်နိုင်သေးဘူး
သွားစေချင်ပြီ .. မမြင်ချင်တော့ဘူး
အသဲကွဲတယ်ဆိုတာ ငါနဲ့ ဖူးစာပါပီးသား နတ်သမီးထင်ပါ့
ဘဝတဆစ်ချိုးတိုင်း .. ကိုယ်ထင်ပြတယ် ...။

မင်းအတွက်တော့ ကလူကျီစယ်ခြင်းဆိုပေမဲ့
ငါ့အတွက်က ရင်တခြမ်းလုံးပုတ်သိုးစေတဲ့ အဆိပ်မြားပါ
အချစ်ဆိုတာ
လိမ်ညာပြီးကစားကြတဲ့ ကစားပွဲမှမဟုတ်ပဲ
ရင်ဘတ်တွေထိုးကျွေးပြီး ခံစားချက်တွေ ကိုယ်စီစားသုံးကြရတာ
ကစားပွဲတခုထက် ပိုရင်းနှီးရတယ် ...။

မင်းနဲ့ဝေးရရင် ငါ သေနိုင်တယ်လို့ မဆိုလိုပါဘူး
ဒါပေမဲ့
မင်းကိုပေးလိုက်တဲ့ ခံစားချက်စစ်စစ်တွေက နောက်ထပ်အတုမရှိနိုင်တော့လို့
သေမယ်ဆို သေလို့ရတယ် ..
မင်းရဲ့ချစ်ခြင်းနဲ့ ငါ့ကမ္ဘာကိုလင်းစေခဲ့တာ
အခုတော့ လတွေမိုက်ကုန်ကြပြီ
အိပ်မက်ထဲမှာ အိပ်မက်ကို ပြန်ရှာရင်း ညက နက်သထက်နက်နက် လာနေတယ် ...။

ရှိစေတော့
တစ်ကြိုးထဲတီးလို့ သံစဉ်မစုံနိုင်ဘူးဆိုပေမဲ့
ငါ့လွမ်းခြင်းနဲ့ ငါ့ကိုယ်ငါ ချော့သိပ်တော့မယ်
မင်းလဲ အိပ်ပျော်ပါစေ ...။

Wednesday, 15 January 2014

" ရင်ခွင်ရိပ် (သို့) အိမွန်အတွက်နောက်ဆုံးစာ"




အိပ်မက်တွေ လက်ကျန်အဖြစ်နဲ့ ဆက်မက်မိတာ
ငါသွေးရူးသွေးတန်း ဖြစ်နေလို့လား
နောက်ဆုံး မျှော်လင့်ချက်ကလေးနဲ့
အသက်ရှူမိပါတယ်
အဲဒီနေ့က တလောကလုံး လေမတိုက်ဘူး
ငါ့ရဲ့ခပ်ယဲ့ယဲ့မျှော်လင့်သံထက် မင်းရယ်သံတွေက ပိုကျယ်လွန်းခဲ့တယ် ..။

 

ငါ့အတွက် ခံစားမှုတွေ စိုးစင်းမျှမကျန်တော့တာလား
ဘဝကို အသိနဲ့ လှည့်စားလိုက်တာလား
ဘယ်လိုပဲပြောပြော
မင်း သိပ်ပီပြင်လွန်းပါတယ်
ငါသာ မင်းလောက်မရင့်ကျက်သေးတော့
ရင်ခွင်ပိတ်ပြီး အသံတိတ် ငိုခဲ့ရတာ .. နာမှန်းတောင် မသိလိုက်ဘူး ...။

 

အိုကေပါ ချစ်သူ
ငါကတော့ မင်းရောက်လာခဲ့ရင်ဆိုတဲ့ ခံစားမှုလေးနဲ့ပဲ
ငါ့နေ့တွေကို မင်းအတွက် ရှင်သန်အုံးမယ်
မင်း ညီးငွေ့ပူလောင်တဲ့အခါ
ငါ့ရင်ခွင်ရိပ်ကို သတိရပါ ...။

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။