Friday, 6 December 2013

အပျင်းပြေ


အစပိုင်းမှာပေါ့
မင်းလိုအပ်တဲ့အချိန် ကပြဖို့
ငါ့ဘဝကို အရုပ်ဖြစ်စေခဲ့တယ်
အဲဒါကိုပဲ မင်းကိုချစ်တဲ့ အချစ်လို့ ငါထင်ထားခဲ့တယ်
တကယ်တမ်းစဉ်းစားကြည့်ပြန်တော့
အဲဒါ အချစ်မဟုတ်သေးဘူး
မင်းလဲ ငါ့ကို ချစ်တယ် လို့ ပြောပေမဲ့
တကယ်ချစ်တာမဟုတ်သေးပါဘူး
မင်းအတွက် အပျင်းပြေ ပါ

တဖြည်းဖြည်းနဲ့ မင်းကို ငါ တကယ်ချစ်လာတဲ့အချိန်
အချစ်ဆိုတာ ကို ငါ နားလည်လာတယ်
အချစ်ဆိုတာ တကယ်တော့ "ရလိုမှု"
ဟုတ်တယ် အချစ်ဆိုတာ လိုချင်မှု သက်သက်ပါပဲ
သူနဲ့ပတ်သက်လာရင် အရာရာလိုချင်တယ်
သူ့ရဲ့ ဂရုစိုက်မှု ၊ အလေးထားမှု၊ စသည်စသည်ဖြင့် အရာအရာတိုင်းက ကိုယ်ပဲဖြစ်ချင်လာတယ်
အဲဒါအချစ်ပဲ

 
အဲဒီတော့
စတွေ့တုန်းခါစ အစပိုင်းတုန်းကလိုပဲ
မင်းအပေါ်မှာအဆင်ပြေသလောက် ဖြည့်စည်းပေးခြင်းမျိုးနဲ့ နေတတ်ဖို့ကို ငါ ဦးတည်ရတော့မယ်
အဲဒါမှ မင်းရဲ့အပျင်းပြေအဆင့်နဲ့ ညီလိမ့်မယ်
ဒါမှသာ ငါရော မင်းရော အဆင်ပြေကြမယ်ထင်တယ်

အိုကေ အချစ်ရေ
ငါတို့ရဲ့ အစဦးပိုင်းကိုပဲ ပြန်သွားကြပါစို့ ..။





သူမနှင့်ကျွန်တော်

နှင်းရည်လွှမ်းသော မနက်ဖြန်ထဲတွင် ကျွန်တော့ဝိညာဉ်တို့ ရိုးရိုးသားသားလူးလွန့်နေပါလိမ့်အုံးမည်။
 မသိနားမလည်ခြင်းတွေ ထုံမွှန်းသော ကျွန်တော့အတိတ်သည် ဒီမနက်ပစ္စုပ္ပန်ထဲအထိ ထုံအလို့ကောင်းနေဆဲဖြစ်ပါသည်။ ကျွန်တော့ကိုယ်ကျွန်တော်မသိပါ။ သင်တို့လဲကျွန်တော့ကိုသိလိမ့်မည် မဟုတ်ပါ။အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် တကယ်မရှိသောကြောင့် ဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို မသိသော ကျွန်တော်သည်အိပ်မက်တွေ မက်ခဲ့ဖူးပါသည်။
ထိုအပ်မက်ထဲတွင် သူမပါသည်။ သူမရဲ့ အနမ်းချိုချိုတို့ပါသည်။ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အတွေးတို့လဲ ပါပါသည်။ အရောင်အသွေးမတူသော မြစ်တစ်စင်းထဲတွင် သူမနဲ့ ကျွန်တော်ကူးခတ်ပျော်ပါးခဲ့ကြပါသည်။ သူမကျွန်တော့ကို မမြင်ပါ။ သူမကိုလဲ မြင်သလိုလိုနဲ့ ကျွန်တော်မမြင်ခဲ့ပါ။ ထို့ကြောင့် တဖက်ကမ်းသို့ သူမကူးခတ်သွားခဲ့ပါသည်။

ကျွန်တော့်အတွေးတို့၌ အချိန်တိုင်းစိုးမိုးခဲ့ဖူးသော သူမသည် မနေ့က သေဆုံးသွားခဲ့ပါပြီ။ သူမရဲ့ဈာပနပွဲတွင် အသဲပန်းတို့ ဖွေးဖွေးဖြူ၏။ ကြယ်ကပွဲတွေ ပြိုင်တူသီဆို တီးမှုတ်ကြ၏။ လိပ်ပြာတမ်းချင်းတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြ၏။ ကျွန်တော် လိုက်မပို့ဖြစ်ပါ။ သို့သော် ကျွန်တော်ရပ်ကြည့်နေခဲ့ပါသည်။ ကျွန်တော်မရှိသောဘဝထဲတွင် သူမ နှစ်ခြိုက်စွာအိပ်မောကျနေတတ်ပါပြီ။ သူမအတွက် ကျွန်တော်မလိုအပ်ပါ။ ထို့အတူ သူမ မပါသောအိပ်မက်တွေလဲ ကျွန်တော် မက်တတ်ပါပြီ။ ကျွန်တော့်ရှေ့တွင် မြစ်တွေ တသွင်သွင်စီးဆင်းနေကြသည်။ ပင်လယ်တွေ လှိုင်းချက်ညီလာကြသည်။  သူမပေးခဲ့ဖူးသော ရင်ခုန်သံတို့ တဖြည်းဖြည်း ခြောက်သွေ့ညှိုးနွမ်းလာကြပါမည်။ ကျွန်တော် ရေမလောင်းပေါင်းမသင်တော့ပါ။ ကျွန်တော့်ကိုကျွန်တော်သိဖို့ ကျွန်တော်ရှိရာအရပ်သို့ သွားပါတော့မည်။ ကျွန်တော်အိပ်မက်မမက်တော့ပါ။


နှင်းရည်လွှမ်းသော မနက်ဖြန်ထဲတွင်
ကျွန်တော့ဝိညာဉ်တို့ ရိုးရိုးသားသားလူးလွန့်နေပါလိမ့်အုံးမည်။






သစ်ရွက်လင်း





အိမွန်အတွက် ၂

  ဝေးကြပီဆိုတဲ့အတွေး တွေးမိရင်

ရင်ဘတ်တွေ ဆောက်တည်ရာမဲ့ချင်လာတယ်

အင်းလေ

အိပ်ရေးပျက်ချင်လို့မဟုတ်ပါပဲနဲ့တောင်

မအိပ်ဖြစ်တဲ့ညတွေ ရှိခဲ့ဖူးတာပဲ


ကောင်မလေးရေ

မတွေ့ဖြစ်ကြပေမဲ့

အိပ်ယာဝင်တိုင်းမင်းအကြောင်းတွေ တွေးမိသလို

မနက်အိပ်ယာနိုးတိုင်း အရင်ဆုံးသတိရမိတဲ့သူက

မင်းဖြစ်နေတုန်းပါပဲ

ငါ့ရဲ့ပတ်သက်မှုတွေက မင်းအတွက်အနှောင့်အယှက်တခုလို့

တွေးလာပီဆိုမှတော့

ငါ ဝေးဝေးနေပေးယုံပဲရှိတာပေါ့လေ

ဝေးကွာသွားကြခြင်းကပဲ ဒို့အတွက်အကောင်းဆုံးဖြစ်မယ်ထင်တယ်

 မင်းကိုစိတ်မညစ်စေချင်တော့ပါဘူး

ငါ့ရဲ့ရင်ခွင်ဟာ မင်းအတွက်ဇရပ်တခုလို့သတ်မှတ်သေးရင်

ဘဝအမောတွေနဲ့နွမ်းလျတဲ့အခါ ခိုးနားအပန်းဖြေလှည့်ပါ

ခရီးကြမ်းတွေနဲ့ပင်ပန်းစိတ်ညစ်ရတဲ့အခါ

အရိပ်ခိုအနားယူလှည့်ပါ

ငါ့အတွက်အချစ်ဆိုတာ မင်းလိုသလောက်သာ ဖြည့်စည်းပေးခွင့်လို့ပဲ

မှတ်ယူလိုက်ပါတော့မယ်

မင်းရဲ့အချိန်တွေ သာယာပါစေ

မင်းရဲ့မျှော်လင့်ချက်အိပ်မက်တွေ အရောင်တောက်ပါစေ

Good Luck       ပါ ကလေးရယ် ... ။




တယောက်သောသူအတွက်ကဗျာ




မိုးပြာရောင်တွေ အိပ်တန်းတက်ကြချိန်တောင်
ညတွေက
တိတ်တိတ်ဆိတ်ဆိတ် ညံတုန်း
ရင်ထဲမှာ ဗလောင်ဆူအောင်လွမ်းတာက နင်
လမ်းမပေါ်ထွက်ကြည့်တော့
မြီးကောင်ပေါက်တွေရဲ့ ကျောင်းဝတ်စုံတွေပဲ 
ဒေါင်လိုက်အဖြစ် တွေ့ရတယ် 


ငါ့ညကို ငါ တူးဖော်ကြည့်တော့ 
အရိုးပြိုင်းပြိုင်းအထီးကျန်ခြင်းတွေပဲ
ဆွေးဆွေးမြည့်မြည့် တွေ့နေရတာ
ဝီစကီတစ်ပက်လောက် 
ရင်ခုန်ချင်စရာမကောင်းတော့ဘူး
သတိရခြင်းတခွက်လောက်နဲ့ မူးချင်နေတဲ့ ငါ
ရှေ့က ရင်နင့်စရာတွေ တစားပွဲလုံးသာ သောက်သုံးရရင်တော့
ကြေကွဲစရာပဲ 
သီချင်းတပုဒ်တော့ ကြားဖူးတယ်
" ခြောက်ခြားည" တဲ့ ....။ 


ခပ်ဝေးဝေးနေနေရသူတွေရဲ့
ရင်ခုန်သံချင်း ပွေ့ဖက်ရောထွေးတဲ့အချိန်
သိပ်ပျော်စရာကောင်းမှာပဲ
မိုးကုတ်စက်ဝိုင်းရဲ့ အနမ်းတစက်နဲ့
အရာရာလှပနေလိမ့်မယ်


စကားမစပ် မိန်းကလေးရေ
ရှေ့လှည့်ကြည့်လို့ နောက်ပြန်မြင်နေရတဲ့ခံစားချက်မျိုး
မင်းရင်ထဲမှာ ခပ်ပါးပါးရှိနေပြီဆိုရင်တောင်
အဲဒါကို သတိရလွမ်းဆွတ်ခြင်းလို့ ခေါ်တယ်
မဆုံဆည်းရတာ အပြစ်မဟုတ်ပေမဲ့
ချစ်ခွင့်တွေ ကံကုန်ပြီဆိုရင်တော့
ဘဝက ခါးတာပဲ ...။

                                 
                                                              သစ်ရွက်လင်း

Saturday, 10 August 2013

"အချစ်"




ပြင်းပြင်းပြပြ ငိုချခဲ့ချင်ပေမဲ့

ငါ့မျည်ရည်တွေက

မင်းအတွက် အမှိုက်မဖြစ်ချင်တာကြောင့်

မျိုချခဲ့ရတဲ့ အကြိမ်တွေ ဘယ်နှစ်ခါမှန်းမသိတော့ဘူး

ဆန္ဒနဲ့ဘဝသာ တစ်ထပ်ထဲကျခဲ့ရင်

အဲဒီနေ့ ငါ သေလို့ ရတယ် ...။



ဝေးဝေးက ချစ်ဖို့ပဲ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ငါ

လွန်ဆန်လို့ မရတဲ့ နှလုံးသားရဲ့ အတ္တကြောင့်

အကြိမ်ကြိမ် နီးနေမိတယ် 

မင်း သိလား

မီးကို ပူမှန်းသိရက်နဲ့ 

ရင်ခွင်ပိုက်ထားရတဲ့ ငါ့ ခံစားချက်

မဖြစ်နိုင်မှန်းသိရက်နဲ့ ကြိတ်မှိတ် မျှော်လင့်မိတဲ့ ငါ့ ရူးသွပ်မှု

အရာအားလုံးဟာ 

မင်းအတွက်တော့ အရူးကွက် ပါပဲ ...။



ဖြေတယ်

ငါ့ကိုယ်ငါ ငါ မဟုတ်တဲ့ ငါနဲ့ ဖြေတယ်

အဖြေက 

မဝေးနိုင်တာပါပဲ တဲ့

သေရော

မင်း ဟားတိုက်မရယ်ရင်တောင် ငါ့မှာ ကျေးဇူးတင်ရမလိုလို

မင်း သိပ်မလိုအပ်တဲ့ နှလုံးသားတစ်စုံ

လတ်လတ်ဆတ်ဆတ်ကြီးကို ရင်ခုန်နေသေးတယ် ..။



ငါ မေ့လိုက်ချင်ပီ

မင်းကို ငါ့အချိန်တွေထဲက ဖယ်ထုတ်ချင်ပီ

ဒါပေမဲ့ 

မလုပ်နိုင်သေးတာ ဘာကြောင့်လဲ

မင်းရင်ဘတ်တွေ ငါ့အတွက်

စိမ်းနေမှန်းသိရက်နဲ့

ငါက

ရိုးရိုးသားသား မိုက်မဲ တမ်းတနေချင်သေးတယ် 

အဓိပ္ပါယ်ကောက်တော့ ချစ်နေသေးတယ် 

shitttttttttttttttttttttttttttt

မသိစိတ်ထဲမှာ

မင်းကို ငါ $ရမ်း မုန်းတယ် ....။




11.08.2013 / 12:45 AM






Thursday, 18 July 2013

" အတု "



မျောလွင့်လာတဲ့ တိမ်တစ်စကို
မြတ်နိုးစိတ်နဲ့
တသက်လုံးအတွက်ဆိုပြီး ဆုပ်ကိုင်ခဲ့တယ်
ဒါပေမဲ့
ငါ ဆုပ်ကိုင်လိုက်တာက "တိမ်အတု" ...။

အဲဒီလိုပဲ
ပျက်သုဉ်းသွားတဲ့ ယုံကြည်မှုတချို့ကို
အချစ်စိတ်နဲ့ ချေဖျက်နိုင်မယ်လို့ မျှော်လင့်ထားခဲ့တယ်
ဒါပေမဲ့
ငါ ရရှိထားတာက "အချစ်တု" ...။

ထပ်တူမကျနိုင်မှန်းသိရက်နဲ့
ရူးရူးသွပ်သွပ် မျှော်လင့်ရင်ခုန်ခြင်းတွေအတွက်
ပြန်ရခဲ့တာက "ခံစားချက်အတု"...။

ဘာကြောင့်လဲဆိုတာအဖြေရှာကြည့်တော့
ဝမ်းနည်းတယ် ... ကြေကွဲတယ် .....

ဒါပေမဲ့
နှစ်ယောက်စလုံးအတွက် အမှတ်တရတခုအဖြစ်လောက်သာ အသုံးဝင်တဲ့
အဲဒီ ဖြစ်စဉ်အတု ကိုပဲ နောင်အချိန်တွေတော်တော်ကြာအထိ
ငါ့အတွေး ငါ့နှလုံးသားမှာ
ကျေနပ်စွာ သယ်ဆောင်သွားရအုံးမယ် .....။



17.07.2013 အမှတ်တရ




Thursday, 13 June 2013

" အိပ်မက်ရောင်ဖိနပ်တစ်ရံ "




လမ်းမပေါ်ထွက်လိုက်တော့

အလွမ်းကျကွဲသံတွေပဲ ဆူဆူညံညံကြားရတယ်

အခန်းထဲပြန်ဝင်လာတော့လဲ

ညက မင်းပြန်ယူမသွားဖြစ်တဲ့

အိပ်မက်ထဲက အနမ်းတွေ ပြည့်နေတယ်

နားမလည်ခြင်းတွေကို ခေါင်းအုံးအိပ်ပါများတော့

အိပ်မက်တွေတောင် ပုပ်သိုးချင်လာသလိုပဲ

လေတယ် ..... ။


ခံစားမှုတွေ အညှီနံ့တသင်းသင်းနဲ့

ငါ့ကိုယ်ငါ ရွာချပစ်လိုက်ရတဲ့ မျိုသိပ်ခြင်းမိုး

တစ်ရာသီလုံး ချမ်းတော့မယ် ..။


ကဲ

 နွေးထွေးခြင်းအစုတ်ပလုတ်လေးရေ

ကိုယ့်အထာနဲ့ကိုယ် နေတယ်ဆိုပေမဲ့

မင်းရင်ဘတ်ထဲက 

လက်တဝါးစာ မထီမဲ့မြင်ပြုမှုတွေက

တခါတခါ

ငါ ဆွဲထိုးချင်လောက်အောင် လှတယ် ..။


ညအသေတွေ အထပ်ထပ်မျိုချထားတဲ့ ငါ့ရာသီခွင်

မင်းလုပ်မှပဲ ဇာတာတွေ မှားတော့မယ်ထင်တယ်

အခုတောင် 

အရှေ့အရပ်က နေမထွက်တော့ဘူး .. ။


မှားသထက်မှားနေနိုင်ဖို့

ငါ ဖြုန်းတီးပစ်လိုက်ရတဲ့ အိပ်စက်ခြင်းတွေ

မင်းလမ်းတွေအတွက် 

ဖိနပ်တစ်ရံ ဖြစ်စေချင်တယ်

ကဲ

မိုးလဲလင်းပြီ အိပ်တော့မယ် .... ။





" မပြောဖြစ်တဲ့ကဗျာ "



အလဲအကွဲပါပဲ

တယောက်ထဲထိုးရတဲ့ပွဲ

မရှုမလှရှုံးခဲ့တယ် ... ။


တခန်းရပ်မဟုတ်ပေမဲ့

တဘတ်သတ်ဆန်နေတာမို့

ဒိုင်ပွဲရပ်နဲ့နားခဲ့ရတဲ့ ဒီဇာတ်မှာ

မျှော်လင့်ချက်တွေက ပွဲကြည့်ပရိတ်သတ် ..  တဲ့


ရင်တွေခမ်းအောင် ချစ်တော့မယ်ဆိုကာမှ

မပြတ်သားနိုင်ခြင်း အသိတွေကြောင့်

အိပ်မက်တွေခိုကိုးရာမဲ့ပီပေါ့


အိပ်နေရင်းနဲ့ အိပ်ရေးပျက်သူ ငါ

တခါတခါ ငါ မသိတဲ့ကမ္ဘာမှာ

ငါ့နာမည်ကို ထိုင်ရေးနေမိသေးတယ် ....။


ဘာပဲဖြစ်ဖြစ်ပေါ့လေ

မသိစိတ်မှာတောင် မင်းကိုကိုးကွယ်နေမိလေတော့

ကံစီမံရာပဲလို့ သဘောထားရင်း

ခံစားမှုတွေ ဘာသာမပြန်တတ်တဲ့ အခန်းမှာ

မင်းကို ငါ ထိုင်စောင့်နေမယ် ..။



" Anniversary" (29.05.2013)



ဘဝကို လုံးရင်းထွေးရင်းနဲ့
မင်းကိုငါ လုံးလုံးထွေးထွေး သတိရတယ်
ကောင်မလေးရေ ... ။

အတွေးတွေကို ရေချိန်ညှိကြရင်းနဲ့
ပိန်လိုက်ဖောင်းလိုက် ချစ်လာလိုက်ကြတာ
အခုဆိုရင် ရာသီတပါတ်တောင် လည်ခဲ့ပြီ ။

မင်းရဲ့ မိုးရာသီထဲမှာ
ငါ့ညတွေ ငြိမ်းချမ်းခဲ့ဖူးသလို
လေမုန်တိုင်းတွေကြားထဲမှာလဲ ငါတို့တွေ လူးလွန့်ခဲ့ရဖူးတယ်။

စိတ်တွေပုတ်သိုးသွားလိုက်
ခံစားချက်တွေ ရင့်ရော်လာလိုက်နဲ့
တယောက်ကိုတယောက် မြင်အောင် ကြည့်ကြရင်း
ငါတို့ မမုန်းဖြစ်ခဲ့ကြဘူးနော် ..။

ဒီရာသီ
အထူးသဖြင့်ဒီနေ့အချိန်ပေါ့
ငါ့အိပ်မက်တွေကို ချိုမြိန်သွားစေမဲ့ မင်းကို
ကံတရားက ငါ့ရှေ့ခေါ်ဆောင်လာပေးခဲ့တာ
သိပ်ကျေးဇူးတင်တယ်
ရင်ခုန်သံလတ်လတ်ဆတ်ဆတ်တွေနဲ့ ချစ်တတ်စေခဲ့လို့
မင်းကိုလဲ ကျေးဇူးတင်တယ် ...။

ချစ်တယ် ကောင်မလေးရယ်
အဆင်မပြေမှုတွေကို ငါတို့ရင်ဘတ်တွေနဲ့ ကုစားရင်း
နေဝင်ချိန်တစ်နေ့အထိ
ငါတို့ ရင့်သန်နေကြအုံးစို့ ..... နော် .... ။


Saturday, 20 April 2013

" သက်ဦးဆံပိုင်သခင်မ "




ချစ်သူရေ

အလွမ်းရောင်တလက်လက် လင်းနေတဲ့

ငါ့ရင်ခွင်နန်းထက်မှာ

"သက်ဦးဆံပိုင်သခင်မ" အဖြစ်

ကြွား ဝံ့ ဟန် ထည် လှည့်ပါတော့

အနေဝေးရခြင်းသောကတွေက

ခါးသက်လှပါဘိ .....။


မင်းရဲ့ အဲပြုံးအလင်းတွေ ဖြာကျနေတဲ့

ငါ့နှလုံးသားဥယျာဉ်ထဲမှာ

ရင်ခုန်ခြင်းအသီးအပွင့်တွေ

ပြွတ်သိပ်ကြပ်အောင် ဝေဆာခဲ့ပီပဲ

ခူးဆွတ်လှည့်ပါ

စားသုံးလှည့်ပါ

ဆင်မြန်းလှည့်ပါ

ယုယစွာကြင်နာထွေးပွေ့လှည့်ပါ

ငါ့ရဲ့ချစ်ခြင်းတရားသံစဉ်တွေနဲ့

နူးညံ့လွတ်လပ်စွာ ကခုန်လှည့်ပါတော့ကွယ် .....။


" သက်ဦးဆံပိုင်သခင်မ " ရေ

အဲဒီကြယ်ပြာရောင်ကောင်းကင်ကိုဆွဲကိုင်ပီး

ငါ့ရဲ့အိပ်မက်မှာ

ပျော်ရွှင်ခြင်းပန်းချီကားချပ်တွေ စုတ်ခြစ်လှည့်ပါ

ဘဝတွေမိန်းမောသွားလောက်တဲ့အထိကို လှပနေမဲ့

မင်းရဲ့ကြယ်သံစဉ်ဆေးချက်တွေနဲ့အတူ

မင်းအနမ်းမှာ

ငါ 

တဘဝစာမှေးစက်ပစ်လိုက်ချင်လို့ပါ .....။



အရောင်မဲ့
18.04.2014


(ကဗျာပိုင်ရှင် " အရောင်မဲ့ " ကို Credit ပေးပါတယ်။)





လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။