Saturday, 15 September 2012

" ရင်တစ်ခွင်စာ အလွမ်း "




ခက်လိုက်တာ ကလေးရယ်

ဝင်ဝင်မလာပါနဲ့ဆိုမှ

အတွေးထဲရောက်လာပြီး ရင်ခုန်သံတွေ ခိုးခိုးသွားတယ်

မင်းကြောင့်တော့ခက်ပါတယ် ...။


ငါလိုလူအတွက် မင်းရဲ့အချိန်တွေမကုန်ပါစေနဲ့ ကလေးရယ်

တဘဝစာလွမ်းဖို့အတွက် တို့တွေခဏလေးထပ်နေကြမယ်

ရင်တစ်ခွင်စာလောက် စကားတွေပြောပြီးရင်တော့

မင်း သွားပါတော့ ကလေးရယ်

ငါ့ကို မငြိတွယ်ချင်ပါနဲ့ .....။


ကဗျာတွေလဲ ထပ်မရေးပါရစေနဲ့

သီချင်းတွေလဲ ထပ်မဆိုပါရစေနဲ့

မင်းမျက်နှာကိုလဲ ထပ်မမြင်ပါရစေနဲ့တော့

ငါ့ကို ဝီစကီတစ်ခွက်သာ ပေးပါ လောကရေ ...။


ရင်တစ်ခွင်စာလောက် စကားတွေပြောပြီးရင်

တစ်ဘဝစာလောက် ခဏလေးဝေးကြစို့ အချစ်ရယ်

မင်းရင်ထဲမှာ ငါရှိနေတဲ့ကမ္ဘာရောက်ရင်

မင်းနဲ့ငါ ဆုံဖြစ်ကြမှာပါ

အခုတော့ အချစ်ရယ်

တစ်ဘဝစာလောက်လေးပဲ ဝေးနေကြပါအုံးစို့ကွယ် .....။





" အထိတ်တလန့် "




ငါ့ခရီးတစ်လျှောက်က မိုင်တိုင်တွေမှာ

မင်းမျက်နှာတွေ မြင်နေရတယ်

မရည်ရွယ်ထားပါဘဲနဲ့

မင်းအကြောင်းတွေပဲ တွေးမိနေတယ် ...။


မင်း အဆင်ပြေရဲ့လား

နေရောကောင်းရဲ့လား

အချိန်တိုင်းမဟုတ်ပေမဲ့

အချိန်တော်တော်များများ ငါ့အတွေးထဲနေရာယူထားတာက

မင်းပဲ ဖြစ်နေတယ်

ငါ ဘာဖြစ်နေပါလိမ့် ....။


Vodka တွေလဲ တလုံးပြီးတလုံး

အိပ်မက်ထဲ စီးဆင်းသွားကြတာ

ဂစ်တာသံတွေတောင်ညံလို့ .....။


အိုး .... မိုင် .......... ဂါ့ .........

ငါ မင်းကိုသတိရနေတာပါလား

မဖြစ်သေးပါဘူးလေ

ခွင့်လွှတ်ပါ ညီမလေးရယ်

ငါ အိပ်တော့မယ် .....။





" ခေါင်းစဉ်မရှိ "




ဘဝဆိုတာ ရိုးရိုးလေးပါပဲ .. ချစ်လေးရေ

အိပ်မက်တွေကို အတိုးချစားသုံးဖို့

နေ့ခင်းအလင်းရောင်တွေကို

ရက်ရက်ရောရော  ... ပေးကမ်းပစ်လိုက်ရတာပဲဟာ

ငါ့ကိုနမ်းဖို့အတွက် ... မင်းနှုတ်ခမ်းတွေ ဘာလို့ ဆွံ့ အ  နေသေးတာလဲ

ကန္တာရတွေပူလောင်ရတာဟာ

အိုအေစစ်လေးတွေကြောင့်ဆိုရင်   မင်းငြင်းမလား

အဲလိုပဲ ငါ့အလွမ်းတွေလဲ မင်းနဲ့ဝေးကွာရခြင်းတွေကြောင့်

ခပ်နွမ်းနွမ်းလေး  ပူလောင်နေ၇တယ် ..

ချစ်လေးရေ

မျက်လုံးလေးတွေ မှိတ်ထားပေးပါကွယ်

အတွေးထဲမှာပဲ ခပ်စူးစူးလေးနမ်းပါရစေ

ညနေတခုလုံး ထုံမွှန်းသွားအောင်

မင်းရဲ့ရင်ခုန်သံတွေနဲ့   ဖြန့်ကျက်ပစ်လိုက်စမ်းပါ

ရှက်နေသေးလား ........ အချစ်ရယ်

မိုးကုတ်စက်ဝိုင်းနဲ့ ...... အဲဒီလိပ်ပြာလေးတွေ မျက်နှာလွှဲထားကြမှာပေါ့

ရှက် .......... တော့ ....... နဲ့ ........... နော် .........။





" အိပ်မက် (သို့) အဆုံးမဲ့ကာရန် "




တို့အတူလျှောက်ခဲ့ကြတာပေါ့

အဲဒီတိမ်ပြာရောင်ပလက်ဖောင်းတွေေ ပ်ါမှာ

မင်းလက်နဲ့ဆုပ်ကိုင်ထားတဲ့ အပြုံးတစ်ပွင့်ရယ်

မင်းအသက်ရှူသံတိုးတိုးရယ်က

ကမ္ဘာနဲ့အပြိုင်

ငါ့နှလုံးသားကို ဆွဲငင်တယ် ...။


အပျော်တွေနွေးထွေးလိုက်တာများ

ဒီဇင်ဘာနှင်းတွေတောင် ငိုခဲ့ကြကွယ့် ...

လေပြေတွေက တို့ချစ်ခြင်းကိုဘာသာပြန်လို့

ဥသြတွေ ထပြန်သွားလေရဲ့ ...။


ငါက ကဗျာတစ်ပုဒ်ကိုဆိုတယ်

ချစ်သူက ကာရံတစ်ပုဒ်ကိုထပ်ပြန်တော့

တေးဆိုငှက်တွေ

မျက်စောင်းမာန်ခဲ ထပြန်သွားပြန်တယ် ...။


ဒီလိုနဲ့ပဲ ... နင်ရယ် ငါရယ်

ပန်းသီးတွေ ရနံ့လှိုင်တဲ့ " အေဒင်ရယ် "

ရာသီတွေကို စားသုံးပစ်လိုက်တယ် .....။
 
                                                  
                                                            (သစ်ရွက်+သစ်ပင်)





" အတိတ် "




လောကရေ

တစိုက်မတ်မတ် ရှူသွင်းခဲ့တဲ့

အဲဒီလေပြေတွေထဲမှာ

ခါးသက်သက် မျက်ရည်ရနံ့တွေ

ပါနေမယ်မှန်းသာသိခဲ့ရင်

ငါ့မနက်တွေကို အာရုဏ်မလင်းစေပါဘူး

ငါ့ခရီးတွေကိုလဲ

အသက်သွင်းမိမှာမဟုတ်ပါဘူး

အခုတော့ဖြင့်ကွယ်

ငါ့ဘဝတစ်ခုလုံးပိန်ချိုင့် လို့

ငါ့အနာဂတ်ထဲ

ငါ

ဒလိမ့်ခေါက်ကွေးပြုတ်ကျခဲ့ ပေါ့ .......။




" လွမ်းရလို့ပျော်သူ "




ညတစ်ညပါပဲ

မလှမပနဲ့ပြီးဆုံးခဲ့တာပါ

တကယ်ပျော်လို့မဟုတ်ပေမဲ့

အကျွန်ုပ်ဖြတ်သန်းခဲ့တာ

နှစ်ဆယ်ကျော်လို့ ငါးနှစ်တိုင်ခဲ့ပါပြီ သခင်…………။


 
ပြီးတာတွေအတွက် ဆိုမဖွဲ့တော့ပါဘူး

ဆည်းဆာတွေလဲ ........... ပြိုခဲ့ပြီမို့

ငိုလျှက်နဲ့ ဒီရင်အစုံ

သခင် မြင်ရုံသာကြည့်လှည့်ပါ……..။

 

သခင်

အဝေးတစ်နေရာကဆိုပေမဲ့

ဆွေးနေတာ အရှင်မြင်နိုင်ပါ့

အသင် ကျီစယ်တာဖြစ်ခဲ့ရင်တောင်

ဒီရင်မှာ နစ်တဲ့မြှားတွေက

တမင်ရည်ရွယ်ကာ ပစ်ခဲ့တာလားကွယ်………….။

 

အပြီးပြန်ခဲ့ပါပြီ

အထီးကျန်အလွမ်းတွေနဲ့အပြည့် နဲ့

အဲဒီ

အကျည်းတန်ကမ်းခြေနားကပါ …...။


 
အကျွန်ုပ်ရဲ့

စမ်းတဝါးဝါး အပြန်လမ်းမှာ

အိပ်မက်တွေ တခမ်းတနားလှပဆဲပါလို့

သခင်ခြွေမယ့် အနမ်းတစ်ပွင့်ကို

မှန်းဆလို့မျှော် တမ်းတလို့ခေါ်သည်လေ

သခင်ရယ်

လွမ်းရလို့ပျော်သူပါ………။




" အဖြည့်ခံ "



ကောင်မလေးရေ

ဟို တစ်ချိန်ကပေါ့

နင့် မနက်ဖြန်တွေ လှပအသက်ဝင်ဖို့

ငါ့ မျှော်လင့်ချက်တွေကို နင်းချေခဲ့ရတယ်….

ဒါပေမဲ့

ငါဟာ… အိပ်မက်လိုလူပါ

လူတွေခဏခဏမက်ကြပေမဲ့

တစ်ဘဝလုံးအတွက်တော့

ဘယ်သူကမှ ဖက်တွယ်မထားကြပါဘူး

အာရုံဦးအလင်းရောက်တယ်ဆိုရင်ပဲ

ငါဟာ

တိုးရှိုးစွာပျောက်ကွယ်သွားရမယ်လေ….။

မရှိမဖြစ်မဟုတ်ပေမဲ့     မကြာခဏတော့

သူတို့ ငါ့ကိုလိုအပ်နေကြအုံးမှာပါ..

ဂုဏ်ယူချင်လို့ မဟုတ်ပေမဲ့လဲ

ငါကိုယ်တိုင်က      အဲဒီပေးဆပ်မှုတွေမှာ

တပ်မက်သာယာနေတတ်ပြန်ရော…

နောက်ဆုံးတော့

အရှုံးတွေကိုသာ စားသုံးခဲ့ရတဲ့ ငါ

ရင်ခွင်တစ်ခုလုံးလဲ

ဂျူလိုင်ကောင်းကင်လို      ညို့ညို့မှိုင်းနေလေရဲ့……။





အလွမ်းည




ည 

ခဏခဏ ထကြည့်မိတယ်
 
အလွမ်းတွေလှလွန်းလို့ .....
 
အဲဒီလေပြေတွေရဲ့ တေးသွားမှာ
 
လရောင်ဖွေးဖွေးတို့ ယိမ်းနွဲ့နေပုံက
 
ကြယ်တွေငိုအောင် လှရက်လွန်းတယ် ....
 
ချစ်သူရေ
 
သတိရခြင်းတွေ နိုးထလာပြန်တော့
 
တစ်လောကလုံး
 
မင်းမျက်နှာလေး ဖုံးအုပ်ထားသလိုပဲ
 
ကြည့်မိတဲ့ နေရာတိုင်း
 
 မြင်နေတာ မင်းပဲပေါ့
 
မင်းကလဲ
 
ပန်းကလေးတွေ မပြုံးနိုင်အောင်ကို
 
လှလွန်းသူပါ .....
 
ဒီလိုနဲ့ပဲ
 
ငါ့ရဲ့ အထီးကျန်ညထဲမှာ
 
ငါရယ် ဘေးနားကဂစ်တာအိုလေးရယ်
 
တီးတိုးစကားတွေ ပြောဖြစ်ကြတယ်
 
တိတ်ဆိတ်လွန်းပါတယ်
 
တို့နှစ်ဦးရဲ့ တကိုယ်ရည်ကြားရုံ
 
ရေရွတ်သံတွေကလွဲရင်ပေါ့
 
( နင်းအနားကို .... ငါ မရောက်နိုင် .....
 
လှောင်အိမ်ထဲက ... အချစ်ငှက်လို ...
 
ငါ့အလွမ်းတွေ .... နင်သိနိုင်ဖို့ .....
 
ဒီသီချင်းတွေ ... ငါလေ .......
 
အ....ချိန်.....တိုင်း.....ဆို....) ...။

( ကဗျာမဟုတ် စာမဟုတ်ပါပဲ .. ကိုယ်တိုင်တောင်.. ဘာမှန်းမသိပါဘူး .. သည်းခံပြီးဖတ်ပေးသူများကို .. ကျေးဇူး)





 

မဲဇာတောင်ခရီး




ဟို ဝေးဝေးကဥသြသံ

ငါ့ရင်ကိုချီဆောင်မယ့်အိပ်မက်လေလား

မှိုင်းညို့ညို့ကောင်းကင်တစ်ခုလုံးလဲ

အလွမ်းတွေသာဖုံးလို့ .....။


ဘေးနားကမပြေလည်မှုတစ်ချို့

ရင်းနှီးဖို့ကမ်းလှမ်းလာတဲ့အချိန်

ငါကတော့

ခပ်ရင့်ရင့်နေရောင်အောက်မှာပဲ

ကိုယ့်ကိုယ့်ကိုယ်အေးမြဖို့

ကြိုးစားနေရတယ် .....။


တွယ်တာခြင်းလေးရေ

တစ်ကန္တာရလုံးမစိမ်းလန်းရင်တောင်

ငါ့နေ့တွေစုန်ဆန်ကူးခတ်ဖို့

မင်းခြွေမယ့် မိုးတစ်စက်နဲ့တင် လုံလောက်ပါတယ် ....။


စိမ်းဖန့်ဖန့်သတိရခြင်းတွေကတော့

မလွမ်းတတ်ဘူးလို့ မင်းထင်တဲ့  ငါ့ရဲ့ညနေတွေနဲ့

ရိုးရိုးသားသား နေသားကျမြဲပါပဲ .....။


ကဲ .... မဲဇာသူရေ

တောင်စွယ်မှာလဲ နေကွယ်ခဲ့ပြီ

ရှေ့နားကလမ်းလေးလဲ

သူ့ကိုယ်သူငုံ့ကြည့်ရင်း အိပ်မောကျခဲ့ပြီမို့

ငါ့ရဲ့စီရင်ခန်းကို ကျိုးနွံစွာပဲ ဆက်ပါရစေအုံး

ဒါပေမဲ့  အဲဒီညထဲမှာလဲ ငါ့အတွက်
  
ကြယ်တာရာတွေ ခရီးထွက်ကြအုံးမှာပါ ..... ။






 

ဆည်းဆာရောင်လမ်း




ကောင်းမလေးရေ

အဲဒီလေပြေတွေ

မခို့တရို့ပျံသန်းနေပုံက

ငါ့ရင်ကိုဖွဖွလေးခုန်စေတာပါ  ...။


ညတွေ

ညင်ညင်သာသာပြုံးကြတာများ

မင်းကမ်းတဲ့

ပန်းတစ်ပွင့်လောက်လှတယ် ...။


မျှော်လင့်ချက်တွေ

အသက်ဝင်တောက်ပဖို့

အိမ်မက်တွေတနင့်တပိုးသယ်ဆောင်ရင်း

ဆည်းဆာရောင် ငါ့ရဲ့အပြန်လမ်းမှာ

ငါ

အလွမ်းတစ်ခြင်းစာခူးဆွတ်ခဲ့တယ်. ....။




လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။