Saturday, 15 September 2012

မပြေလည်ခြင်းများ



ဘယ်သူတွေလာရဲသလဲ

ကိုယ့်ကိုယ်ကိုခင်းပြီးအိပ်ရတဲ့ငါ့ဘဝထဲကို

ဒုက္ခတွေနဲ့ဧည့်ခံရတာ.. ကြာလာတော့

ငါလဲမျက်နှာပူလှပေါ့..

ဘဝတွေကြမ်းတမ်းလိုက်ပုံများ

သက်ပျင်းတွေပြုတ်ကျတာတောင်

မကောက်အားဘူး

မငိုဘဲကျတဲ့မျက်ရည်

ရင်ထဲကအပူငွေ့နဲ့တင်

ခမ်းခြောက်ပျောက်ကွယ်နိုင် ရဲ့ …..။


ချစ်သူ

မင်းအချစ်နဲ့

ငါ့ကောင်းကင်တွေလင်းလက်နိုင်တယ်ဆိုရင်

ငါ့ဒုက္ခကြောင့်

မိုးတိမ်တွေမညို့စေချင်တာ

ဘယ်သူအတ္တကြီးတာလဲ….

“မခေါ်ရက်ဘူး” ဆိုတာ

သီချင်းစာသားသက်သက်တော့မဟုတ်ပါဘူး

နှလုံးသားရဲ့ပြယုဂ်တစ်ခုပါ ......။


ကောင်မလေးရေ

ဒို့အချစ်တွေနဲ့

ဘဝကိုပစ်စလက်ခတ် " ရဲ"  လိုက်ကြပြီဆိုပါစို့

အချိန်တန်လို့ အချစ်တွေအငွေ့ပျံသွားရင်

မင်းရောငါရောရင်ကွဲမယ်…..။




တိမ်လိုလူ



မျောလွင့်နေအုံးမှာပါ

ငါ့ဝိညာဉ်တည်ရှိနေသရွေ့

လေနှင်ရာသင့်ရတဲ့ငါ့ဘဝ

ဘယ်ကမ်းတင်လို့   ဘယ်သောင်နားနားပေါ့.  ....။


အိပ်မက်မိုးတွေ တဖြိုင်းဖြိုင်းရွာဖို့

ငါ့ကိုယ်ငါအန်ထုတ်လာပြီးမှ

ဒုက္ခတစ်ခွက်စာမျိုချဖို့လောက်ကို

ငါ မတုန်လှုပ်တော့ပါဘူး

ဒါပေမဲ့ လောလောဆယ်အချိန်အထိ

ငါနားမယ့်သောင်ကမ်းပါးတွေ

မီးမထွန်းကြသေးသလို

ငါသွားမယ့်လမ်းတွေလဲ

မှောင်လို့ကောင်းနေတုံးပါပဲ .....။


လောကရေ

ငါ့ညတွေနက်လွန်းနေလားကွယ်

ကိုယ့်ကိုယ်ကိုသီကုံးဖို့လောက်တော့

ငါ

လင်းလက်နိုင်သေးတယ်ထင်ပါရဲ

ဘာပဲဖြစ်ဖြစ်

ငါ့အနားမှာဘယ်သူမှမရှိကြတော့ရင်တောင်

အနည်းဆုံးတော့

ငါသွားရာလိုက်ကြည့်နေမယ့်လမင်းကြီးရယ်

ငါ့ကိုချော့သိပ်မယ့်ကမ္ဘာမြေကြီးရယ်

ရှိနေကြသေးတာပဲ.....။




အသုံးမဝင်ခြင်းများ



ရောင်နီတွေမကျပါနဲ့အုံး

ကျွန်တော့်မနက်တွေအသင့်မဖြစ်သေးလို့ပါ

နိုးတစ်ဝက်အိပ်မက်တွေလဲ

ပြတ်ပြတ်သားသား အဆုံးမသတ်နိုင်ကြသေးဘူး ......


ကိုယ့်ကိုယ်ကိုခင်းပြီးလျှောက်ခဲ့တာတောင်

ခြေလှမ်းတွေက ဘာ့ကြောင့်

တစ်ဖဝါးမှမရွေ့နိုင်ကြတာလဲ

မတွေဝေချင်တော့လို့ ပြေးထွက်ခဲ့ကာမှ

လမ်းစုံမှာရပ်မိနေတဲ့အဖြစ် .....

လမ်းဟောင်းလေးရေ

ငါ တွေဝေနေတုံးပဲကွယ်.....။




ယစ်မူးတစ္ဆေ



ငါ့ရင်ထဲစီးဆင်းသွားတဲ့

အလွမ်းပူတစ်ခွက်က

ငါ့အသိဥာဏ်တွေ ဝေဝါးဖို့

လုံလောက်ခဲ့တယ်

ရှေ့ကလမ်းမီးတိုင်တချို့တောင်

ကခြေသည်တယောက်ရဲ့ ခြေလှမ်းတွေနဲ့

စီးချက်ညီစွာ

တစ်ခွက်ပြီးတစ်ခွက် ကလို့ ...။

တိတ်ဆိတ်လွန်းတဲ့ အဲဒီညထဲ

လမ်းမတွေက လမ်းသွယ်တွေကြား

ငိုက်မြည်းတယ်

အိပ်မက်တွေက

သတိရခြင်းပင်လယ်မှာ ရွက်လွှင့်တယ်

သစ်ပင်တွေက ကျေးငှက်တို့ရင်ခွင်မှာ

ကြည်နူးနေတာများ

တခါတခါ သစ်ရွက်စကားသံတွေတောင်

ကြားရသေး .....။

ချစ်သူရေ

ဒီတစ်ညတော့ တိုးတိုးလေပဲ နမ်းခဲ့ပါရစေကွယ်

ရှေ့ကမြို့လေးအိပ်မောကျနေလို့ပါ .....။




အဆုံးမသတ်ရသေးသော



ဘဝကို

သပ်သပ်ရပ်ရပ်လေး .. ထုတ်ပိုးမိကာမှ

ဖရိုဖရဲအနားစတွေ .. ကန်ထွက်လာရသလိုပေါ့ ..

အလွမ်းတွေ

ရက်ရက်ရောရောပူတယ် .....။



ခရီးတွေ , အိပ်မက်တွေ , မျှော်လင့်ချက်တွေ

အစီအစဉ်တကျ စီးဆင်းနေတာများ

နှေးသွားလိုက် မြန်လာလိုက်နဲ့

ငါ့ကို ကျော်တက်သွားတဲ့ သတိရခြင်းတွေက

တခါတခါ လက်ပြနှုတ်ဆက်လို့ .... ။



အချစ်ရေ

ဒို့တွေ အိတ်သွန်ဖာမှောက်

ချစ်ခဲ့ကြပြီးပြီလား .......။


မင်းမျက်ရည်တွေကို တစ်ရှိုက်မတ်မတ်နမ်းရဲတဲ့အထိ

မင်း ငါ့ကို ချစ်တယ်

စက္ကန့်မလတ် ငါ့အတွေးတိုင်းမှာ

မင်းပဲ အမြဲစိုးမိုးထားတယ် 

အချစ်ရေ

ဒို့တွေ အိတ်သွန်ဖာမှောက် ချစ်ကြပြီလား .....။




"ပင့်ကးမျှင်နေ့ရက်များ"

ငါ့သမိုင်းမှာ
 
ငါကိုယ်တိုင်ကမ္ဗည်းတင်နိုင်ဖို့

မနေ့ကအတွေးလက်ကျန်တစ်စနဲ့

လောကကိုဖွင့်ထုတ်မလို့ကြံရုံရှိသေး

ဘဝအက္ခရာတွေက အလိုလိုတိမ်းစောင်းချင်နေပြီ…..။

 
ကဲ

ငါ ဘာများတတ်နိုင်အုံးမှာလဲ.....

လွဲမှားမှုတွေတသီတတန်းနဲ့ ငါ့စိတ်ကူးတွေလဲ

မနေ့ကမဆုံဖြစ်ခဲ့တဲ့ ညနေဆီကို

တရွေ့ရွေ့ချဉ်းကပ်လို့

သြော် ဘဝ ဘဝ…..။


မနက်ဖြန်တွေလှပဖို့အတွက်

မနေ့ကအချိန်တွေကိုပြန်ပြီးအသက်သွင်းရအုံးမှာလား

ယိုင်နဲ့နဲ့မျှော်လင့်ချက်တွေနဲ့ ငါ့အနာဂတ်

ရင်ဆိုင်ရအုံးမယ့်

မနက်ဖြန်ရဲ့စိန်ခေါ်မှုတွေ

ဟူး…….မောလိုက်တာကွယ်…….။

ဆုတောင်း




တရားအသိမယှဉ်နိုင်သေးသရွေ့တော့
ဘုရားတပည့်ဆုပန်ခြွေပါရစေ
ဝဋ်ရှိသမျှနောင်သံသရာမှာ
သမုဒယအပူဟူသမျှ
သူ့ဆီကသာ
ယူရပါစေသား။

ရင်ကွဲအလွမ်း


တိတ်တိတကလေးဆိုပေမဲ့

အလွမ်းကောင်းကင်တစ်ခုလုံး

ငါ့ရင်ထဲ ပြိုဆင်းခဲ့တာပါ…

♥♥ ခံနိုင်ရည်တွေ ပျောက်ရှ

ရင်တစ်ခွင်လုံးဗြောင်းဆန်လို့

ငါဟာ

အမှောင်ထဲက မျက်ကန်းတစ်ယောက်ပေါ့…….

♥♥ အမေရေ

အဲဒီတံခါးတွေ Lock ချပေးပါ

ကျွန်တော်အိပ်တော့မယ်……။

♥♥ သစ်နိုင်ပါဦးမလား

အဲဒီအာရုဏ်ဦးတွေ

ရင်ခွင်ဗလာနဲ့ ငါ့အတွက်တော့

အရာရာတိုင်းဟာ

အလွမ်းရောင်သမ်းနေမှာပါပဲ……

♥♥ ငါ့အခန်းထဲက ပြေးထွက်သွားကြတဲ့

အဲဒီမီးခိုးငွေ့တွေကိုငေးရင်း

တစ်လိပ်ပြီး တစ်လိပ်

တစ်ရှိုက်ပြီး တစ်ရှိုက်

ပြူတင်းပေါက်က အလင်းရောင်တွေ

ငါ့ကိုလာနှုတ်ဆက်တော့မှ

ငါ ပစ္စုပ္ပန်ဘဝထဲပြန်ရောက်ခဲ့တယ်…. 

♥♥ အင်း…..အမေရေ

ဒီတစ်ညလဲ ကျွန်တော်မအိပ်ဖြစ်ပြန်ဘူး…………..။

" နှစ်သစ်သို့အလွမ်း (သို့) မီးကျွမ်းနှင်း "

နှစ်သစ် ..... တဲ့ ..
ဘာတွေသစ်ပြီး ... ဘာတွေဟောင်းနေကြတာလဲ
ပြေးလိုက်လွှားလိုက်ပဲ .. ရပ်တန့်နေရတဲ့ .. ငါ ..
သစ်လိုက် ဟောင်းလိုက်နဲ့ပဲ ..
နွမ်းပါးခဲ့ရတယ် .....။

ဒီဇင်ဘာတွေ မအေးတဲ့ ဒီဆောင်းမှာ
ငါ့ အသဲတွေတော့
ထူးထူးခြားခြား ... အေး လို့ ... ခဲ လို့ ...။

ချစ်သူရေ
အတိတ်စိမ်းစိမ်းတွေကို
မီးရှို့ပြာချပစ်ဖို့ ..... ဝေးကွာခြင်းမိုးတွေ
တို့နှစ်ယောက်အတွက် ... လိုအပ်ပြီပေါ့နော်
" သူငယ်ချင်းလိုပဲနေရအောင် " ဆိုတဲ့စကား
ငါ့ရင်ကို ပါးပါးလေးလှီးတဲ့ .. ဓားပါပဲ ....။

စည်းတွေမတားထားပါပဲနဲ့
တို့နှစ်ယောက်က အလိုလို
စည်းတွေခြားကုန်ပါပေါ့လား .....။

မငိုကြေးနော် .. ချစ်သူ
ရင်ဘတ်တွေခင်းပြီးလျှောက်နေပါလျှက်နဲ့
တို့ခရီးတွေဘယ်မှမရောက်ကြမဲ့အတူတူ
မင်းပြောတဲ့ လမ်းခွဲပုံပြင်က
တို့အတွက်အချိုဆုံးတေးတစ်ပုဒ်ပေါ့ ....။

ငါ မရှိတဲ့နောက်နေ့သစ်တွေထဲမှာ
မောရင်းလွမ်းရင်းနဲ့ .. မင်းပျော်ပါစေ....။

နှင်းရေ ...
အဆင်မပြေခြင်းတွေနဲ့ ... ဒီဇင်ဘာမှာ
ငါ့နှလုံးသားတွေ .... အေးစက်စက်နဲ့ပဲ
မီးကျွမ်းခဲ့ရတယ် .....။

လွမ်းတမ်း

ကောင်မလေးရေ ....
ဒို့တွေလမ်းခွဲခဲ့ကြပေမဲ့ ... တကယ်ရော .. ကွဲကွာသွားကြရဲ့လား ..
မင်းကို ငါ သိပ်သတိရနေသေးသလို ... မင်းနှုတ်ဖျားမှာလဲ .. "မောင်" လို့ ခဏခဏ
ခေါ်နေအုံးမှာ .. ငါ သိနေတယ် ... ဒါပေမဲ့ .. ကြိုးစားပြီးမေ့ပစ်ပါ ..
"မေ့လိုက်ပါတော့" မပြောရက်ပေမဲ့ .. သတိတရနဲ့ပဲ မေ့ထားလိုက်ပါကွယ် ...
တို့နှစ်ယောက်ပြတ်ပြတ်သားသားချစ်ခဲ့ကြပြီးပြီပဲ .... တို့ရွေးချယ်ခဲ့တဲ့လမ်းကို ..
ဒို့နှစ်ယောက်ပဲ .. လျှောက်ရမှာပေါ့ ..ငါ့အတွက် .. ငါ အဆင်ပြေဖို့အတွက် ... မင်းက ရင်ခွင်အသစ်ကိုရှာလိုက်တယ် ... ငါက မလွတ်မလပ်နဲ့ ... မင်းကို လွမ်းရတယ် ... ဒါပေမဲ့ ..
အဲဒီလူရဲ့ရင်ခွင်ထဲကနေ .. မင်းလဲငါ့ကိုလွမ်းနေတယ်ဆိုတာ .. ငါခံစားလို့ .. ရပါတယ်
မျက်ရည်တွေနဲ့ပြုံးနေတဲ့ .. မင်းကို အတွေးထဲမှာ ငါမြင်နေရတယ် ...
ကြာလာရင်တော့ တို့ရဲ့အဖြစ်ပျက်တွေကို မင်းမေ့သွားမှာပါ ... မေ့နိုင်ပါစေလို့လဲ ..
ငါ ဆုတောင်းပါတယ် .သူ့ရင်ခွင်ထဲမှာ မင်းပျော်လာမှာပါ ... မတော်တဆတို့တွေတွေ့ခဲ့ကြရင် ...
 ငါ့ကို မင်းအကိုလို .. မင်းရဲ့သူငယ်ချင်းလိုမင်းရဲ့ဘဝအမောတွေကို .. တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ... ဘာလို့လဲဆိုတော့ .. မင်းဘဝထဲမှာ ငါက ပုံစံတမျိုးမျိုးနဲ့
ရှိနေရအုံးမယ်လေ ... ငါ မရှိရင် အသက်မရှင်ချင်တဲ့မင်းအတွက် .. ငါ ရှိကိုရှိနေရအုံးမှာပေါ့ .. အစစအဆင်ပြေပါစေ ..ကောင်မလေးရယ် ... တခါတခါသိပ်သတိရတယ် ....။

တို့တွေအပြီးသတ် လမ်းခွဲဖို့အတွက်
ငါ့အတွေးထဲက မင်းပုံရိပ်လက်ကျန်တွေ
လာပြန်ယူသွားလှည့်ပါ .. ငါ မမြင်ရဲတော့လို့ ...။
မခေါ်မပြောမိအောင် နေပေမဲ့
ငါ့နှလုံးသားမှာ မင်းအသံတွေပဲကြားနေရတယ်
နဲနဲလောက်ဝေးဝေးနေပေးပါကွယ်
ငါ့မျက်ရည်တွေခမ်းတော့မယ် .....။

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။